ရော်နယ်ဒို၊ မက်ဆီ၊ အမ်ဘာပေနဲ့ ဟာလန်းတို့ကိုပိုင်ပြီလို့ ကြွေးကြော်နေတဲ့ နယူးကာဆယ်ပရိသတ်များ

နယူးကာဆယ် ပရိသတ်တွေဟာ အသင်းကို ပိုင်ရှင်အသစ်က လက်လွှဲဝယ်ယူခဲ့ပြီးနောက် အသင်းအိမ်ကွင်း စိန့်ဂျိမ်းပါတ်ခ်ရှေ့မှာ စုဝေးအောင်ပွဲခံခဲ့ပြီး ရေနံမြေက စီးဝင်လာတဲ့ ငွေကြေးတွေနဲ့အတူ နာမည်ကျော် ကစားသမားတွေကို ခေါ်ယူဖို့အထိ အိပ်မက်မက်လာခဲ့ပါပြီ။

ပိုင်ရှင်ဟောင်း မိုက်အက်ရှ်လေနဲ့ နယူးကာဆယ်ပရိသတ်တွေအကြား အက်ကွဲကြောင်းက တော်တော်လေးကြီးမားခဲ့ပြီး မိုက်အက်ရှ်လေကလည်း နယူးကာဆယ်ကို ရောင်းချဖို့ ပြီးခဲ့တဲ့နှစ်တွေတည်းက ကြိုးစားခဲ့တာပါ။

ဘင်ဆာလ်မန်ကလည်း ပြီးခဲ့တဲ့ (၂၀၂၀) မှာ ဝယ်ယူဖို့ နီးစပ်ခဲ့ပေမယ့် သတင်းထောက် ခါရှိုဂီကို သတ်ဖြတ်ခဲ့မှု၊ အရှေ့အလယ်ပိုင်းဒေသရဲ့ ပရီးမီးယားလိဂ်၊ ဝင်ဘယ်လ်ဒန် အစရှိတဲ့ နာမည်ကျော်ပြိုင်ပွဲတွေကို တရားမဝင်ပြသခဲ့တဲ့ BeoutQ ရုပ်သံကို ကျောထောက်နောက်ခံပေးထားမှုတွေကြောင့် ဗြိတိန်လွှတ်တော်အမတ်တွေကပါ ဝင်ရောက်ကန့်ကွက်ခဲ့တာကြောင့် အရောင်းအဝယ်ပျက်ပြယ်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ နယူးကာဆယ် ပရိသတ်တွေက ကမ္ဘာ့ဘောလုံးလောကမှာ အင်အားကြီးနေတဲ့ မန်စီးတီး၊ PSG တို့လို အသင်းတွေကို ရင်ဘောင်တန်းနိုင်ပြီလို့ မျှော်လင့်နေကြပြီး နာမည်ကျော်ကစားသမားတွေကို ခေါ်ယူဖို့အထိ အိပ်မက်မက်နေကြတာပါ။

ဆိုရှယ်မီဒီယာတွေပေါ်မှာ နယူးကာဆယ်ပရိသတ်တွေက ရော်နယ်ဒို၊ မက်ဆီ၊ ဒီဘရိုင်း၊ ဟာလန်း၊ အမ်ဘာပေတို့ရဲ့ ဓာတ်ပုံတွေကို နယူးကာဆယ်ဂျာစီ၊ လိုဂိုတွေနဲ့ ဖိုတိုရှော့လုပ် နောက်ပြောင်နေခဲ့ကြပြီး အထူးသဖြင့် PSG နဲ့ စာချုပ်သက်တမ်း (၁) နှစ်ပဲကျန်တော့တဲ့ အမ်ဘာပေနဲ့ ပတ်သက်လို့ ပိုမိုနောက်ပြောင်နေကြတာပါ။

“နယူးကာဆယ်က ကျွန်တော့်အိပ်မက်အသင်းတစ်သင်းပါ။ ကျွန်တော် ဘင်အာဖာရဲ့ ကစားပုံကိုကြည့်ရင်း ကြီးပြင်းလာတာပါ” ဆိုပြီး အမ်ဘာပေရဲ့ပုံနဲ့စာသားတွေက အွန်လိုင်းပေါ်မှာ တော်တော်လေးပျံ့နှံ့နေပြီး နယူးကာဆယ် ပရိသတ်တွေ နောက်ပြောင်နေသလိုပဲ မကြာခင် အချိန်တွင်းမှာ နယူးကာဆယ်တို့ နာမည်ကျော်နည်းပြ၊ နာမည်ကျော် ကစားသမားတွေနဲ့အတူ ပရီးမီးယားလိဂ်မှာ အသင်းကြီးပြန်ဖြစ်လာမလား စောင့်ကြည့်ရပါလိမ့်မယ်။