ပုရိသတွေရဲ့အသည်းကို ရက်ရက်စက်စက်ခွဲချလိုက်တဲ့ ဆွန်ဟောင်မင်

စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်နဲ့ ကမ္ဘာကျော် ကေပေါ့ပ်ဂီတအဖွဲ့ BLACKPINK အဖွဲ့က Jisoo တို့ ငြိစွန်းနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၉)၊ စက်တင်ဘာတုန်းက Jisoo ဟာ စပါးရဲ့အိမ်ကွင်းမှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တစ်ပွဲကို လာရောက်ကြည့်ရှုခဲ့သေးတာပါ။ အဲ့ဒီတုန်းက ပုံရိပ်တွေကိုလည်း Jisoo က သူ့ရဲ့အင်စတာဂရမ်မှာတင်ထားခဲ့ပြီး တောင်ကိုရီးယားလက်ရွေးစင်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်နဲ့ပတ်သက်လို့ အားပေးစကားတွေလည်း ပြောကြားခဲ့ဖူးပါတယ်။

ဒီလိုမျိုးတွေဖြစ်ခဲ့ပြီး (၂) နှစ်ကြာမြင့်မှသာ Jisoo နဲ့ ဆွန်ဟောင်မင်တို့ တွဲခုတ်နေတယ်လို့ အချက်အချို့ကို အခြေခံပြီး သတင်းတွေက ဖော်ပြလာခဲ့တာပါ။ ဆွန်ဟောင်မင်ဟာ မနေ့က ကစားခဲ့တဲ့ တောင်ကိုရီးယားနဲ့ ဆီးရီးယားတို့ရဲ့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဆိုးလ်ကိုလာရောက်ခဲ့ရမှာလည်း လန်ဒန်ကနေ လာရမယ့်အစား အောက်တိုဘာ (၅) မှာ ပဲရစ်ကနေ ရောက်လာခဲ့တယ်လို့ သိရပါတယ်။

BLACKPINK ရဲ့ Jisoo ကလည်း “ပဲရစ်ဖက်ရှင်ရက်သတ္တပတ်” အတွက် ပဲရစ်မြို့ကို ရောက်ရှိနေခဲ့ရာမှာ ဆွန်ဟောင်မင် တောင်ကိုရီးယားကို ပြန်လာတဲ့တစ်ရက်တည်းမှာပဲ Jisoo လည်း ပဲရစ်ကနေ တောင်ကိုရီးယားကို ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူတို့နှစ်ယောက်အကြား ဆင်တူလက်ပတ်တစ်ခုကိုလည်း ဝတ်ဆင်ထားကြတာကို ဓာတ်ပုံမှတ်တမ်းတွေအရ မြင်တွေ့ခဲ့ရပါတယ်။ ဆွန်ဟောင်မင်ကလည်း ဂိုးသွင်းပြီး အောင်ပွဲခံချိန်မှာ မကြာခဏဆိုသလို သူ့လက်က လက်ပတ်ကိုနမ်းရှုံ့အောင်ပွဲခံလေ့ရှိတာပါ။

လက်ရှိအချိန်အထိတော့ အတည်ပြုနိုင်တာမျိုးမရှိသေးပေမယ့် တစ်ကမ္ဘာလုံးက ပရိသတ်တွေက ဆွန်ဟောင်မင်တို့အတွဲကို အမှန်တကယ် အကောင်အထည်ပေါ်စေချင်နေပြီး ပုရိသတွေရဲ့အသည်းနှလုံးကိုတော့ ဆွန်ဟောင်မင် ရက်ရက်စက်စက် ခွဲလိုက်ပြီလို့ ဆိုရတော့မှာပါ။