ရပ်ရှ်ဖို့ဒ်+ရော်နယ်ဒို+ဆန်ချို တိုက်စစ်အတွဲနဲ့ ပရီးမီးယားလိဂ်မှာကြမ်းဖို့ မီးစိမ်းပြလိုက်တဲ့ ရပ်ရှ်ဖို့ဒ်

ယူနိုက်တက် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ မနေ့က ဘလက်ဘန်းနဲ့ ကစားခဲ့တဲ့ တံခါးပိတ်ခြေစမ်းပွဲမှာ အသင်းအတွက် ပွဲထွက်ပါဝင်ခဲ့ပြီး အနိုင်ဂိုး (၂) ဂိုးလည်း သွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဘလက်ဘန်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဒီပွဲဟာ ဒဏ်ရာက ပြန်လာတဲ့ ရပ်ရှ်ဖို့ဒ်အတွက် ကျေနပ်စရာ ပွဲတစ်ပွဲလည်းဖြစ်ခဲ့မှာပါ။ ရပ်ရှ်ဖို့ဒ်ဟာ ကာလရှည်ခံစားခဲ့ရတဲ့ ပခုံးဒဏ်ရာကို ယူရို-၂၀၂၀ အပြီးမှာ ခွဲစိတ်ကုသမှုခံယူခဲ့ပြီး ပြီးခဲ့တဲ့အပတ်ကမှ ကာရင်တန်မှာ လေ့ကျင့်ခန်းအပြည့်အဝ ပြန်ဆင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အချိန်တိုအတွင်းမှာပဲ ရပ်ရှ်ဖို့ဒ်က အကောင်းဆုံး ကြံ့ခိုင်မှုပုံစံကို ရရှိခဲ့တယ်လို့ဆိုနိုင်ပြီး လာမယ့် အောက်တိုဘာ (၁၆) မှာ ကစားမယ့် လက်စတာနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ ပါဝင်ကစားနိုင်ဖို့ ပစ်မှတ်ထားနေပြီဖြစ်ပါတယ်။

နည်းပြဆိုးလ်ရှားကလည်း ရပ်ရှ်ဖို့ဒ်ကို လက်စတာနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ဆိုထားပြီး ဂိုးသမား ဒင်းဟန်ဒါဆန်ကလည်း ရပ်ရှ်ဖို့ဒ်ဟာ အသင်းနဲ့ ပူးပေါင်းလေ့ကျင့်ခန်းပြန်ဆင်းချိန်တည်းက အကောင်းဆုံးပုံစံကို ပြသထားတယ်လို့ဆိုပါတယ်။

ယူနိုက်တက်ဟာ လက်ရှိတိုက်စစ်ပိုင်းမှာ ရော်နယ်ဒိုရှိနေသည့်တိုင် ရုန်းကန်နေရဆဲဖြစ်ပြီး ဆန်ချိုကလည်း သူကစားနေကျ ညာတောင်ပံမဟုတ်ဘဲ မကြာခဏဆိုသလို ဘယ်တောင်ပံကို ပြောင်းကစားရင်း ရုန်းကန်နေရပါတယ်။

အဲ့ဒါကြောင့် ရပ်ရှ်ဖို့ဒ်သာပြန်လာခဲ့မယ်ဆိုရင် ယူနိုက်တက်တိုက်စစ်မှာ ရပ်ရှ်ဖို့ဒ်၊ ရော်နယ်ဒို၊ ဆန်ချိုအတွဲက ကောင်းကောင်းကြီးအလုပ်ဖြစ်နိုင်မလား ယူနိုက်တက်ပရိသတ်တွေ ရင်ခုန်ရတော့မှာပါ။