ရော်နယ်ဒိုကို စျေးပေါပေါနဲ့ခေါ်ပြီး ပေါင်သန်း (၅၅၀) အိတ်ထဲထည့်သွားတဲ့ ဂလေဇာမိသားစု

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ နှောင်းပိုင်းမှာ အသင်းရဲ့ ကစားသမားဟောင်း ရော်နယ်ဒိုကို ဂျူဗင်တပ်စ်ကနေ ပြောင်းရွှေ့ကြေး ယူရို (၂၃) သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

ဒီယူရို (၂၃) သန်းဟာ အပိုဆုကြေးတွေပါဝင်မှ ပေးချေရမှာဖြစ်ပြီး ကနဦးပြောင်းရွှေ့ကြေး ယူရို (၁၅) သန်းကိုလည်း (၂၀၂၆) အထိ (၅) နှစ် အရစ်ကျ ပေးချေရမှာပါ။

ဒါပေမယ့် ရော်နယ်ဒိုရောက်ရှိလာတာက အသင်းရဲ့ကွင်းတွင်း၊ ကွင်းပြင်စီးပွားရေးကို အထောက်အပံ့ဖြစ်စေခဲ့ပြီး ဂျာစီရောင်းအား၊ ကွင်းအတွင်း ပရိသတ်ဝင်ရောက်ကြည့်ရှုမှုနှုန်းနဲ့ အသင်းရှယ်ယာတန်ဖိုးတို့ကို ထိုးတက်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ယူနိုက်တက်ပိုင်ရှင် ဂလေဇာမိသားစုက ရှယ်ယာ ပေါင် (၉.၅) သန်းဖိုး ရောင်းထုတ်ပစ်ခဲ့သည့်တိုင် အသင်းရဲ့ရှယ်ယာ (၆၉) ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ အသင်းတွင်း ဆုံးဖြတ်ချက်တွေချမှတ်တဲ့အခါမှာ လုပ်ပိုင်ခွင့် (၉၅) ရာခိုင်နှုန်းအထိ ရှိနေဆဲဆိုတဲ့သဘောပါ။

နယူးယော့ခ်စတော့ခ်အိတ်ချိန်းမှာ တင်ထားတဲ့ ယူနိုက်တက်ရဲ့ ရှယ်ယာတန်ဖိုးက သြဂုတ် (၄) မှာ ပေါင် (၁.၉၁) ဘီလီယံသာရှိခဲ့ပေမယ့် သြဂုတ် (၂၆) မှာတော့ (၂.၀၈) ဘီလီယံအထိ တန်ဖိုးမြင့်တက်ခဲ့တာပါ။

သြဂုတ် (၂၆) ဟာ ရော်နယ်ဒို ယူနိုက်တက်ကို ပြန်ရောက်တော့မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေချိန်ဖြစ်ပြီး သတင်းအမှန်တကယ်အတည်ပြုနိုင်ချိန် (၂၄) နာရီအတွင်းမှာပဲ ရှယ်ယာတန်ဖိုးက (၂.၁၉) ဘီလီယံအထိ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း သြဂုတ် (၄) ကနေ စက်တင်ဘာ (၂၇) အတွင်း (၅၄) ရက်တာကာလမှာ ယူနိုက်တက် ရှယ်ယာတန်ဖိုးက (၂၉) ရာခိုင်နှုန်းအမြတ်ထွက်ခဲ့ပြီး ဂလေဇာတို့အတွက် ပေါင်သန်း (၅၅၀) အထိ အမြတ်အစွန်းရရှိခဲ့တယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။