မိုးရွာထဲနေမလား၊ နေသာတဲ့နေရာကိုလာမလားဆိုတဲ့စကားနဲ့ အင်္ဂလန်အတွက် တိုက်စစ်မှူးတစ်ယောက် မွေးထုတ်ပေးလိုက်တဲ့ မော်ရင်ဟို

ရိုးမားနည်းပြ မော်ရင်ဟိုဟာ သူ့အသင်းဟောင်း ချဲလ်ဆီးက တိုက်စစ်မှူး အေဘရာဟမ်ကို ရိုးမားမှာ အကောင်းဆုံး အရောင်တင်ပေးနေပြီး လက်ရှိအချိန်မှာတော့ အေဘရာဟမ်က ဒီတစ်ပတ်ကစားမယ့် နိုင်ငံတကာပွဲစဥ်တွေအတွက် အင်္ဂလန်လက်ရွေးစင်မှာပါ ပြန်လည်ရွေးချယ်ခံရပြီဖြစ်ပါတယ်။

အေဘရာဟမ်ဟာ ချဲလ်ဆီးမှာ စိတ်ပျက်ဖွယ်အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့နွေရာသီမှာတော့ မော်ရင်ဟိုရဲ့ ခေါ်ယူမှုနဲ့အတူ အီတလီမြေကို ရောက်ရှိလာခဲ့တာပါ။ ရိုးမားမှာတော့ အေဘရာဟမ်က အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး ရိုးမားအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး (၄) ဂိုးအထိ သွင်းယူထားပြီးဖြစ်ပါတယ်။

မော်ရင်ဟိုကလည်း အေဘရာဟမ် အကောင်းဆုံးပုံစံရရှိလာအောင် ယုံကြည်ချက်အပြည့်ထားခဲ့ပြီး သူ့ကစားသမားကို ဒီတစ်ကြိမ် အင်္ဂလန်မှာ မရွေးရင် နိုင်ငံကိုယ်စားပြုအသင်း ပြောင်းဖို့အထိ တိုက်တွန်းသွားမယ်လို့ ပြောခဲ့ဖူးတာပါ။

လက်ရှိအချိန်မှာတော့ အေဘရာဟမ်က “မော်ရင်ဟို ကျွန်တော့်ဆီ ဖုန်းဆက်လာတော့ မင်းမိုးရေထဲမှာပဲ နေမလား? ဒါမှမဟုတ် နေသာတဲ့နေရာကို လာမလားဆိုပြီး မေးပါတယ်။ ကျွန်တော်ကတော့ ရယ်တာပေါ့။ စစချင်း အဲ့ဒီလောက်လည်း အများကြီးမစဥ်းစားမိဘူးလေ။ ကျွန်တော့်စိတ်က ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိချင်တာပါ”

“အင်္ဂလန်နဲ့ လန်ဒန်မြို့တစ်ဝိုက်က ကျွန်တော့်အိမ်လိုပါပဲ။ ဒါပေမယ့် ကျွန်တော့် အတောင်ပံတွေကို ဖြန့်ကျက်ဖို့ လိုအပ်တယ်လို့ ခံစားမိခဲ့ပြီး အီတလီကို ရွေးချယ်လိုက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ရိုးမားဟာ အေဘ့ရာဟမ်အတွက် ပြောင်းရွှေ့ကြေး ပေါင် (၃၄) သန်းအထိ ပေးချေခဲ့ရပြီး အေဘရာဟမ်ကတော့ မော်ရင်ဟိုလက်အောက်မှာ များစွာသင်ယူခွင့်ရရှိနေတယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။