ရော်နယ်ဒိုကိုလား??? အေးဆေးထိန်းပြမယ်လို့ လှောင်ပြုံးလေးနဲ့ပြောသွားတဲ့ အာဆင်နယ်နောက်ခံလူ

အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်က အာဆင်နယ်ရဲ့ Twitch ချန်နယ်က အမေးအဖြေ ကဏ္ဍတစ်ခုမှာ ရော်နယ်ဒိုကို အေးဆေးထိန်းပြမယ်လို့ လှောင်ပြုံးလေးနဲ့ ပြောကြားသွားခဲ့ပါတယ်။

ဘန်ဝှိုက်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဘရိုက်တန်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀) နဲ့ ရောက်ရှိလာတာဖြစ်ပြီး သူ့ရဲ့ပြောင်းရွှေ့ကြေးအပေါ် မေးခွန်းထုတ်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကစားသမားပါ။

ဘန်ဝှိုက်ဟာ အာဆင်နယ်အတွက် ပထမဆုံး ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာတင် ဘရန့်ဖို့ဒ်ကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့်လည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ တည်ငြိမ်တဲ့ပုံစံတစ်ခုနဲ့အတူ နော့ဝစ်ချ်၊ ဘန်လေ၊ ဘရိုက်တန်တို့နဲ့ပွဲတွေမှာ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဥ်ဇယားရေးဆွဲထားမှုအရ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ လာမယ့် ဒီဇင်ဘာ (၁) မှာ ယူနိုက်တက်အိမ်ကွင်း၊ အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာဖြစ်ပြီး ဘန်ဝှိုက်ကတော့ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ထိပ်တိုက်တွေ့ချိန်မှာ အေးအေးဆေးဆေး ထိန်းပြမယ်လို့ ပြောကြားသွားခဲ့တာပါ။

ဘန်ဝှိုက်ဟာ စပါးနဲ့ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဥ်ကိုလည်း ဆင်နွှဲခဲ့ပြီးဖြစ်ပြီး ယူနိုက်တက်နဲ့ပွဲအတွက်လည်း ယုံကြည်ချက်ရှိနေတာဖြစ်ပါတယ်။ ဘန်ဝှိုက်က “ရော်နယ်ဒိုနဲ့ ရင်ဆိုင်ဖို့ ကျွန်တော်အဆင်ပြေနေပါပြီ”

“ထိန်းပြရမှာပေါ့” လို့ လှောင်ပြုံးလေးပြုံးရင်း ပြောကြားသွားခဲ့တာပါ။ ဘန်ဝှိုက်ဟာ အာဆင်နယ်ကို စတင်ရောက်ရှိလာချိန်မှာ ပြီးခဲ့တဲ့ရာသီ ဘရိုက်တန်ကစားသမားဘဝနဲ့ ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် အရူးလုပ်တာခံခဲ့ရတဲ့ ဗီဒီယိုနဲ့ လှောင်ပြောင်ခံခဲ့ရဖူးပါတယ်။

အဲ့ဒါကြောင့် ဒီတစ်ကြိမ် ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့ဆုံတဲ့အခါမှာ ရော်နယ်ဒို၊ ရပ်ရှ်ဖို့ဒ်တို့အပါအဝင် ယူနိုက်တက်တိုက်စစ်ကို ဘန်ဝှိုက် အကောင်းဆုံးထိန်းချုပ်နိုင်မလား စောင့်ကြည့်ရတော့မှာပါ။