အခုချိန်ကတော့ အသင်းကို သိကြားမင်းဆင်းကယ်တောင် ရမှာမဟုတ်ဘူးဆိုတဲ့ ရော်နယ်ကိုးမန်း

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းဟာ အသင်းရဲ့လက်ရှိလူစာရင်းနဲ့ ဘာမှထပ်မလုပ်ပြနိုင်တော့ဘူးလို့ အသင်းပိုင်ရှင် လာပေါ်တာကို ပြောကြားခဲ့ပါတယ်။

ရော်နယ်ကိုးမန်းဟာ ဘာစီလိုနာရဲ့ရလဒ်ဆိုးတွေကြားမှာ အထုတ်ခံရဖို့ သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေတာပါ။ ဘာစီလိုနာဟာ ပြိုင်ပွဲစုံနောက်ဆုံး (၅) ပွဲမှာ (၁) ပွဲသာ အနိုင်ရထားပြီး ချန်ပီယံလိဂ်မှာလည်း ကစားပြီးခဲ့တဲ့ အုပ်စု (၂) ပွဲလုံးကို အိမ်ကွင်း၊ အဝေးကွင်းမရွေး ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

စပိန်တီဗီလိုင်းတစ်ခုရဲ့ ဖော်ပြချက်အရ ရော်နယ်ကိုးမန်းက “အခု ရှိနေတဲ့ ဘာစီလိုနာကစားသမားတွေနဲ့ ကျွန်တော့်ဆီက အခုထက်ပိုတဲ့အရာ ဘာမှမမျှော်လင့်နဲ့တော့” လို့ လာပေါ်တာဆီ ပြောကြားထားတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။

ရော်နယ်ကိုးမန်းဟာ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲ (၂) ပွဲကိုလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲကြည့်စင်ပေါ်ကသာကြီးကြပ်ခွင့်ရရှိခဲ့တာပါ။

ဘာစီလိုနာရဲ့ လက်ရှိအနေအထားအပေါ် ဘုတ်အဖွဲ့ကလည်း ဆန်းစစ်နေပြီး ရော်နယ်ကိုးမန်းနေရာကို အစားထိုးဖို့ လျာထားတဲ့ နည်းပြတွေရှိနေပြီလို့ သတင်းတွေက ဖော်ပြထားပါတယ်။

လာပေါ်တာကတော့ ရော်နယ်ကိုးမန်း အသင်းမှာဆက်ရှိနေမယ်လို့ဆိုထားပေမယ့် နောက်ကွယ်မှာလည်း နည်းပြသစ်တွေနဲ့ ချိတ်ဆက်မှုတွေရှိနေပါတယ်။

ကနဦးထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ ရော်နယ်ကိုးမန်းအနေနဲ့ အက်သလက်တီကို,ကို ရှုံးနိမ့်ခဲ့ရင် အထုတ်ခံရမယ်လို့ဆိုပေမယ့် လက်ရှိအချိန်အထိ အထုတ်မခံရသေးတာက နည်းပြသစ် ခေါ်ယူဖို့ ကိစ္စတွေ အဆင်မပြေသေးတာကြောင့်လို့လည်း မီဒီယာတွေက သုံးသပ်ဖော်ပြနေကြပါတယ်။