လမ်းကြုံတုန်း ဘာစီလိုနာနည်းပြကို နားရွက်တံတွေးလာစွတ်သွားတဲ့ ပီယာနစ်

ဘာစီလိုနာနဲ့ ပြဿနာတွေတက်ပြီး လမ်းခွဲခဲ့ရတဲ့ ကွင်းလယ်ကစားသမား ပီယာနစ်ကတော့ လက်ရှိအချိန်မှာ ဘာစီလိုနာရင်ဆိုင်နေရတဲ့ အခြေအနေဆိုးတွေနဲ့ ပတ်သက်လို့ နည်းပြ ရော်နယ်ကိုးမန်းကို သွယ်ဝိုက်ထိုးနှက်ခဲ့ပါတယ်။

ပီယာနစ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ ဘက်ဆစ်တပ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဒီလိုမပြောင်းရွှေ့ခင် ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း ရော်နယ်ကိုးမန်းက ပီယာနစ်ကို အရံခုံမှာသာ ထိုင်နေစေခဲ့တာပါ။

ပွဲကစားခွင့်မရတဲ့အပေါ် ပီယာနစ်က စောဒကတက်ခဲ့သလို ရော်နယ်ကိုးမန်းကလည်း အသင်းမှာ ပီယာနစ်ထက် ကောင်းတဲ့ ကစားသမားတွေ အများကြီးရှိနေတယ်လို့ တုံ့ပြန်ခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာ ဘာစီလိုနာက ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရပြီး ဒီအပေါ်မှာ ပီယာနစ်က “ဘာစီလိုနာက ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းနေရပါတယ်။ အခု ရလဒ်တွေက ပရိသတ်တွေ လိုချင်တဲ့ရလဒ်မဟုတ်ပါဘူး”

“ဒါက ကစားသမားတွေအပေါ် ဖိအားပိုတိုးစေပါတယ်။ အသင်းက ပုံမှန်လမ်းကြောင်းပေါ်ပြန်ရောက်ဖို့ ကောင်းကောင်းဦးဆောင်နိုင်မယ့်သူ လိုအပ်နေတာပါ”

“ဘာစီလိုနာက အရင်အချိန်တွေကို ပြန်သွားနိုင်မှာပါ။ ဒါပေမယ့် အချိန်တော့ ယူရပါလိမ့်မယ်။ သူတို့က ကမ္ဘာ့အကောင်းဆုံး (၄) သင်း ဒါမှမဟုတ် (၅) သင်းထဲ အမြဲပါဝင်ခဲ့ပြီး တစ်ချိန်က နေ့ရက်ဟောင်းတွေဆီ ပြန်ရောက်နိုင်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ကိုးမန်းနဲ့ ပြဿနာဖြစ်ပြီး ဘာစီလိုနာကထွက်ခဲ့ရတဲ့ ဆွာရက်ဇ်ဟာလည်း စနေနေ့က အက်သလက်တီကို,ကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဘာစီလိုနာဘက်ကို ဂိုးသွင်းပြီးချိန် ရော်နယ်ကိုးမန်းကို လှောင်ပြောင် အောင်ပွဲခံခဲ့ပါသေးတယ်။