ချန်ပီယံတောနက်ထဲ ဝင်တဲ့အခါလီဗာပူးနာမည်ကို မှားမခေါ်ကြေး

◼️ Nကြယ်မင်း

ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေထဲမှာ ချဲလ်ဆီးတစ်သင်းပဲအနိုင်ရခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံပွဲတွေနဲ့ ရက်သတ္တပတ်တစ်ပတ်နားရတော့မယ့်အချိန်မှာ လိဂ်ရဲ့ဦးဆောင်အသင်းဖြစ်နေခဲ့ပါတယ်။ ဒါက သွေးရိုးသားရိုးဇယားပါ။ အခြားလူတွေပြုပြင်လို့မရတဲ့ သေချာမှုလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ပရိသတ်ရဲ့အဆန်းတကြယ်အိပ်မက်ထဲ ကျေနပ်မှု၊ ပြီးဆုံးမှုရေတွေ ထည့်ပေးသွားတာကတော့ အဲ့ဒီလန်ဒန်အပြာမဟုတ်ပါဘူး။လီဗာပူးနဲ့ မန်စီးတီးပဲဖြစ်ပါလိမ့်မယ်။ အဲ့ဒါကို ဘယ်သူတွေကများ ငြင်းဆိုချင်ကြပါလိမ့်..

လိဂ်ရဲ့အတောင့်တင်းဆုံးခံစစ်နှစ်သင်းဟာ 2-2 ဆိုတဲ့ရလဒ်ကိုဆွတ်ခဲ့တယ်။ အဲ့ဒါကပဲ အန်ဖီးလ်တိုက်ပွဲရဲ့ အထွတ်အထိပ်ပြိုင်ဆိုင်မှုကို ဖော်ညွှန်းခဲ့တာပါ။ ကျနော်တို့ဟာ ရော်နယ်ဒိုပြန်လည်ရောက်ရှိတော်မူခန်းမှာ အလေးအမြတ်ရှိမှုကော်ဇောနီတွေခင်းခဲ့ကြတယ်။ လူကာကူရဲ့ လန်ဒန်နောက်တစ်ကြိမ်သစ်ပင်တွေ စိုက်ပျိုးခဲ့ကြတယ်။ တန်းဆင်းဇုန်ထဲရောက်သွားခဲ့(ဖူး)တဲ့ အာဆင်နယ်မှာ ရယ်မောသံ ထရမ်းပက်ကြီးကို မှုတ်ခဲ့ကြတယ်။ နောက်ဆုံးဟာရီကိန်းရဲ့ ဦးဆွေးဆံမြည့်အနမ်းတွေကို စပါးဓာတ်ခွဲခန်းထဲပြန်ထည့်ကြတယ်။ ကျနော်တို့ဟာ အသစ်ရဲ့သားကောင်တွေပဲ။ အသစ်ကြိုက်လို့ အသစ်နောက်ပဲလိုက်ခဲ့ကြတယ်။

မှန်တာပြောရရင် လီဗာပူးရဲ့ တိုက်စစ် ၃ယောက်ဟာအဟောင်းပဲ။ ဒီနေရာမှာ ဖာမီနိုနေရာ၊ ဂျိုတာအစားဝင်လာတာလောက်က ပြောစရာမရှိဘူးပေါ့လေ။ ခံစစ်မှာဆိုလည်း ကိုနာတီကိုရှုစားချင်စမ်းလှပေမယ့် ဂျာဂင်ကလော့ပ်က မာတစ်ကြီးနဲ့ပဲသွားတယ်။ ရော်နယ်ဒိုမရ၊ ဟာရီကိန်းမလာနဲ့ မန်စီးတီးမှာ တိုက်စစ်မှူးစစ်စစ်မရှိဘူးဖြစ်နေတာကလည်း အဟောင်းကြီးရဲ့ငရဲခန်းပျို့ပဲ။ သူတို့ညံ့သွားကြမယ်လို့ မယိုးစွပ်လိုပါဘူး။ ဒါပေမဲ့ အဟောင်းကြီးတန်းလန်းနဲ့ နယ်ပယ်တွေမှာ ကျနော်တို့မပျော်လိုပြီပေါ့။

ဒါပေမဲ့ ညက ဆာလာရဲ့ဖန်တီးမှုကတစ်ဆင့် မာနေး ရဲ့ပထမဂိုး၊ ပြီးတော့ သူကိုယ်တိုင်ရဲ့ဒုတိယဂိုးတွေမှာ ကျနော်တို့အကြီးအကျယ်ကျွတ်ခဲ့ကြတာပေါ့။ တွဲဖက်အစာမလိုပါဘူး။ သူ့ချည်းပဲကောင်းခဲ့တာပေါ့။ ဒါပေမဲ့ မန်စီးတီးအခင်းအကျင်းမှာတောင် ဒီလိုတွေလားဆိုတဲ့အသိက ကျနော်တို့ရမ္မက်ကို ပိုပြီးနိုးကြားစေခဲ့တာအမှန်ပဲ။ အေး အဲ့ဒီဘာနာဒိုဆေးလ်ဗားကိုပဲ ပွေ့ဖက်နေလိုက်လို့ ကျနော်တို့မဲ့ကာရွဲ့ကာပေါ့။ ဒေးဗစ်ဆေးလ်ဗားကိုသတိရလိုက်ရင် ဒီပေါ်တူဂီငနဲကို ပိုပြီးစိတ်ပျက်ရတယ်။ ဒါပေမဲ့ ညကပွဲမှာ ဘာနာဒိုပေါက်ကွဲခန်းပေါ့။ ငါ့ကို လာ,လာငုံ့ကြည့်နေသူများ ရှုစားကြဘိလို့ အော်ဟစ်ပြီး ကစားနေသလိုမျိုး သူ့တန်ဖိုးကိုပြခဲ့တယ်။ ဒီလိုပဲဂျီးဆပ်စ်ပေါ့။ ညာဘက်ထွက်ကစားနေရပေမယ့် သူ့ကိုကြည့်လိုက်ရင် ဆယ့်သုံးအဆင် သုံးတန်းတက်လာတယ်ဆိုတာချည်းပဲ။ ဖိုဒန်သွင်းတဲ့ဂိုးကို သူလုပ်ပေးသွားပုံက ဂေါ်လွန်းတယ်။

အနှစ်အသားဆိုတာက ဆန်းသစ်သွေးသားမှာချည်း အမြဲမလည်ပတ်ပါဘူး။ အဟောင်းတော့ အဟောင်း၊ ရွှေရောင်လိုလှပတဲ့အဟောင်းတွေမှာလည်း ကျနော်တို့အသက်ဓာတ်ကိုရနိုင်တဲ့အကြောင်း ဒီပွဲကသတိပေးခဲ့တာပဲ။ မန်ယူနဲ့ ချဲလ်ဆီးတို့ ပြုလွယ်ပြင်လွယ်မရှိခဲ့တဲ့ ရက်သတ္တပတ်မှာ ဒီပွဲကိုကြည့်လိုက်ရတာ ဘာနဲ့မှမလဲနိုင်တဲ့ ရောက်ရှိခြင်းပဲ။ မန်ယူက တစ်ပတ်ချင်းပွတ်နေရတယ်။ ရော်နယ်ဒိုဂျိုကာတက်လာရဲ့လား။ ထူးထူးခြားခြား တစ်ဝိုင်းလုံးသိမ်းမယ့် ခြေစွမ်းလား။ ဒီတစ်ပတ်ရလို့ ရယ်သံမောသံဗုံသံတွေ လျှံကျလာလည်း နောက်တစ်ပတ်ကျ ဖြစ်ဖဲတောင်ပြလို့မရတဲ့ညတွေ ရောက်လာပြန်ဦးတော့မယ်။ ချဲလ်ဆီးက ရွှေကြောရသလိုလာလာပြီးသေချာပြနေတာပဲ။

ရုပ်ရှင်တွေထဲကလို ငါတို့ချမ်းသာပြီဆိုတဲ့ ဖီလင်က ရွှင်မြူးလို့ပေါ့။ ဒါပေမဲ့တကယ်တူးဖော်ကြမယ်ဆိုတော့ အစအနလေးတွေ ပုံမှန်တွေ့နေရပေမယ့် ချန်ပီယံထုထည်ကို ထိစမ်းခွင့်မရဘူးဖြစ်နေကြတာမျိုးပဲ။ ဒီအချိန်မှာ ဘာမှအပြတ်ပြောလို့မရသေးပါဘူး။ ဒါပေမဲ့ မန်စီးတီးနဲ့လီဗာပူးကို လျှော့တွက်ရင်တော့ မှားလိမ့်မယ်။ အေး..ဒုက္ခတွေ့လိမ့်မယ်။