ဖာဂူဆိုးလ်အပါအဝင် ကမ္ဘာကြီးရွဲ့စောင်းနေတဲ့ည

◼️ Nကြယ်မင်း

ညနေကြယ်ဟာ သူ့ကိုယ်သူလျှင် ဘာထင်လေသည် မသိဆိုတဲ့ ဆိုးလ်ရှားကို ထုတ်ဖတ်လိုက်ပြန်တယ်။ ဘာလဲ၊ သူဘာလုပ်ချင်တာလဲ။ ကျနော်ဟာ နည်းပြ တစ်ယောက်ရဲ့လုပ်ပိုင်ခွင့်ကို အစဉ်လေးစားခဲ့သူပါ။ သူ့မှာ တစ်ခုခုတော့ရှိနေမှာပဲ။ ကျနော်တို့သာ အဝေး က ကိုယ်ခံစားရာတစ်ခုခုနဲ့ကုတ်ခြစ်မနေသင့်ဘူး ပေါ့။ ရော်နယ်ဒိုနဲ့ ပေါ့ဂ်ဘာကို အနားပေးချင်ခဲ့တယ်။ လုပ်စမ်းပါ။ သူ့ရဲ့အလွတ်ခုန်မှုဟာ အောင်မြင်ဖို့ပဲ။ သူခုန်နိုင်ရင် သူရမှာပဲ။ ပထမပိုင်းမှာကတည်းက အတော်ယောက်ယက်ခပ်ပါတယ်။ ဒါပေမဲ့ သွားနေ သေးတယ်။

မာရှယ်ဆိုတဲ့ငနဲ နည်းနည်းမှကြည့်မရ သည့်တိုင် သူလုပ်နိုင်တာကို ငြင်းလို့မရဘူးပေါ့။ ကာဗာနီပွဲထွက်လာတာလည်း လိုအပ်တာပဲ။ သူ့အတွက်ပွဲတွေလိုအပ်ခဲ့တာပဲ။ ဒါပေမဲ့ (1-0)နဲ့ နိုင်နေပါလျက် ရော်နယ်ဒိုနဲ့ ဆန်ချိုကိုဇွတ်ထည့်ပြန် တယ်။ ဒါဟာ သူ့ရဲ့မခိုင်မာမှုပါပဲ။ ပွဲကိုမှန်အောင် မဖတ်ဘဲ ငါလုပ်နိုင်တာ ကြည့်ကြဘိဆိုတဲ့ အချိုးမျိုး ချိုးပြလိုက်တာသာဖြစ်တယ်။ အဲဗာတန်လည်း အဓိက ကစားသမားတွေပါဝင်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ဟာအချိန်မရွေးအန္တရာယ်ပေးနိုင်ပါ လားဆိုတာကို သိရမယ်။ လူစားလဲမယ်ဆိုရင် အသင်းကိုထိန်းချုပ်ပေးနိုင်မယ့်သူမျိုးသာ ဝင်လာ သင့်ခဲ့တယ်။ လူစာရင်းအရဆို ပေါ့ဂ်ဘာမဟုတ်ရင် မာတစ်တို့တစ်ယောက်ယောက်ကိုသာ ရွေးရလိမ့် မယ်။

ဒါပေမဲ့ သူက သူ့ကိုယ်သူ ဖာဂူဆိုးလ်လို့ထင် နေပုံရတယ်။ ဘယ်သူမှမထင်ထားတဲ့အချိန်မှာ ရော်နယ်ဒိုနဲ့ ဆန်ချိုကိုထည့်လွှတ်လိုက်တယ်။ ဟော့ဒီမှာ ဘယ်လောက်တောင်မွှေမလဲ၊ စောင့်ကြည့် ကြပေါ့လေ။ တကယ်မွှေသွားတာက ဂရေး၊ ဒိုကိုရီနဲ့ တောင်းတန့်တို့အတွဲဖြစ်ခဲ့ပြီး ချေပဂိုးကို ဒင်းတို့ ရူးခံသွားအောင် သွင်းယူခဲ့တယ်။ တွမ်ဒေးဗီးစ်သာ စေတနာရှေ့ထားပြီး မီလ်နာကိုထိုးမပေးဘဲ ကိုယ် တိုင်သွင်းယူခဲ့ရင် ဒင်းတို့ရှုံးသွားရမယ့်ညပဲ။ ကျနော်ဟာ ဖာဂူဆိုးလ်ဆီ ကျည်ဆံတစ်တောင့်မပို့ နိုင်ရကောင်းသလား ကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲမိတယ်။

ချဲလ်ဆီးပွဲအချိန်နီးကပ်လာတော့ မင်းစောင့်ကြည့် လိုက်စမ်းဖာဂူဆိုးလ်လို့ ကျနော်တိတ်ဆိတ်စွာဆူညံ မိပြန်တယ်။ ဟေ့ တာဝန်ခံမှုခေါင်းစဉ်နဲ့ သောမတ်စ် တူချယ်ဟောပြောမှာတွေကို မင်းလာနားထောင်လှည့် စမ်းလို့ ပေါက်ကရတွေလျှောက်တွေးပြီး ကျနော် ရယ်မိတယ်။ နောက်ဆုံး ၃ပွဲဆက်ကြေးကျထားပြီး နောက်ဆုံး ၂ပွဲလုံးရှုံးထားတဲ့ချဲလ်ဆီးတွေ ဘယ်လို လွတ်မြောက်ပြသွားမလဲ ဖာဂူဆိုးလ်ကို သိစေချင် ခဲ့တယ်။ Wow! ဒီမှာလည်း ကျနော်ခံရပြန်တယ်။ တကယ်ဆို ဒီနေ့ဟာ World Smile Day ပါ။ အခု တော့ ဘာကြောင့်များ ရွဲ့စောင်းသူများရဲ့နေ့ဖြစ်နေ ရပါလိမ့်။

ကွင်းလယ်မှာ လော့ဖ်တပ်ချိခ်နဲ့ အိုဒွိုင်း တို့ကို တစ်ပြိုင်တည်းထုတ်သုံးခဲ့ရပါလိမ့်။ မေဆန် မောင့်၊ ဂျော်ဂျင်ဟို၊ ဟာဗက်ဇ်နဲ့ ဇီယက်ရှ်တို့ကို အနားပေးခဲ့တယ်။ ဦးဆောင်ဂိုးရခဲ့တာကလွဲရင် အဆင်မပြေပါဘူး။ မာတင်အက်ကင်ဆန်ရဲ့ဆုံးဖြတ် ချက်တွေကလည်း မလိုလားအပ်တဲ့ စွပ်စွဲချက်တွေ ကို ဖိတ်ခေါ်နေသလိုရှိခဲ့တယ်။ ချဲလ်ဆီးဟာ ချဲလ်ဆီး လိုမရှိတဲ့နောက်မှာ ဘာမဆိုဖြစ်ကုန်တော့တာပါပဲ။ ဒီပွဲကျမှ ပွဲထွက်ခွင့်ပြန်ရခဲ့တဲ့ ချီဝဲလ်အမှားနဲ့ ပင်နယ်တီပေးရတယ်။ ကျနော်ထင်ပါတယ်။ ဝက်ဒ်ပရောက်သာ ထုတ်ပယ်မခံရဘူးဆိုရင် သူတို့ လည်း လွယ်လိမ့်မယ်မဟုတ်ပါဘူး။ သူတို့ဟာ ကိုယ်စီနိုင်ပွဲတွေလိုအပ်ခဲ့တယ်။ မြေပြင်အနေအထား ဟာ အမှားမခံနိုင်ခြင်းနဲ့ တင်းနေတယ်။ အဲ့ဒီလိုပွဲမျိုး မှာ ဘာကြောင့်စွန့်စားပြချင်နေကြပါသလဲ။ တူချယ် နဲ့ ကျနော်တို့ကြား ခေါင်းလောင်းထိုးသံ သဲ့သဲ့ကြား ခဲ့တယ်။ ဒါဟာ ပထမအသံတောင်ဖြစ်မယ်ထင်ပါ တယ်။

ဘာတွေလဲ.. တစ်ချိန်လုံးစိတ်ပျက်လက်ပျက်အော်မြည်နေရသူ အာတီတာက ဒီပွဲမှာတော့ ရိုးသားသူကြီးပေါ့လေ။ ဖလားရသလို အောင်ပွဲခံခဲ့ကြတဲ့ စပါးနဲ့ပွဲကလူ စာရင်းမှာ ဒဏ်ရာရသွားတဲ့ရှာကာကလွဲရင် အားလုံး ကို အပြောင်းအလဲမရှိပြန်သုံးခဲ့ပါတယ်။ အဲ့ဒါဟာ လက်ရှိအနေအထားမှာ အကောင်းဆုံးရွေးချယ်မှု ဆိုတာကိုလည်း ကျနော်တို့အသိအမှတ်ပြုရတယ်။ ဒါပေမဲ့ အဲ့ဒီလိုပကတိခွန်အားကို ထုတ်သုံးတဲ့ကြားကပဲ အာဆင်နယ်ဟာ သွေးထွက်သံယိုညံ့လိုက်လေခြင်း ပေါ့။

ပထမပိုင်းရဲ့ မိနစ်အတော်များများမှာ ဘောလုံး ပိုင်ဆိုင်မှု ၃၅ရာခိုင်နှုန်းလောက်နဲ့ ရွေ့လျားနေရ တယ်။ ဪ.. အူဘာမီယန်းပါတကားလို့ ညည်းညူ နေကြရတယ်။ ပွဲပြီးတော့ရခဲ့တဲ့တစ်မှတ်ဟာ အဖိုး ထိုက်တန်လှလေခြင်းပဲ။ ဒါပေမဲ့ တိုမီယာဆု၊ ဝှိုက်၊ ဂါဘရီယဲလ်၊ တီယာနေးနဲ့ ရမ့်စ်ဒေးလ်တို့ခံစစ်ကို တော့ တကယ်ပဲချီးကျူးမိပါတယ်။ အသင်းကြီး ဘရိုက်တန်ရဲ့ အဆက်မပြတ်ချေမှုန်းမှုတွေကို အသင်းငယ်လေးအာဆင်နယ်ဘက်က တစ်ချက် မမှားဘဲ ကြံ့ကြံ့ခံကာကွယ်ပေးနိုင်ခဲ့ကြတယ်။ ဒီလိုပါ၊ ကျနော်လည်း အာဆင်နယ်ကိုအသင်းငယ် လေးလို့ ရွဲ့စောင်းလိုက်မိတာပါ။ အဲ့ဒါက မနေ့ည၊ စနေညရဲ့အထာဖြစ်ပါတယ်။ ဒီလိုပါ။