အသင်းဟောင်းဘာကာကိုဂိုးသွင်းအပြီး အောင်ပွဲမခံဘဲ လက်အုပ်ချီတောင်းပန်ခဲ့တဲ့ ဆွာရက်ဇ်

မနေ့ညက ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်က ဘာစီလိုနာကို ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာတိုက်စစ်မှူးဟောင်းဆွာရက်ဇ်က အသင်းဟောင်းနဲ့အတွေ့မှာ အနိုင်ဂိုးတစ်ဂိုးသွင်းယူခဲ့ပြီး အေတီကိုအတွက် အဖိုးတန်ရမှတ် ၃ မှတ်ရယူပေးခဲ့ပေမယ့်လည်း သူ့ရဲ့သွင်းဂိုးအတွက် ခွင့်လွှတ်ပေးဖို့တော့ ဘာကာပရိသတ်တွေကို တောင်းပန်သွားခဲ့ပါတယ်။

ဂိုးသွင်းယူအပြီးမှာ ဆွာရက်ဇ်က အောင်ပွဲမခံခဲ့ဘဲ လက်အုပ်ချီကာ ပရိသတ်တွေကို တောင်းပန်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်ကတည်းက သူ ဂိုးသွင်းနိုင်ခဲ့ရင် အသင်းဟောင်းအပေါ်လေးစားမှုကြောင့် အောင်ပွဲခံမှာမဟုတ်ဘူးလို့ ဆွာရက်ဇ်က ကြိုတင်ပြောဆိုထားခဲ့ပါတယ်။

အမှန်တကယ်လည်း ဂိုးသွင်းခဲ့ပြီးချိန်မှာ သူ့ကတိကို လက်တွေ့ပြသခဲ့ပြီး နှစ်ဖက်ပရိသတ်တွေရဲ့ အားပေးမှုကို ဆွာရက်ဇ်တစ်ယောက်ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆွာရက်ဇ်ဟာ သူ့ကိုအသင်းကနေ မောင်းထုတ်ခဲ့တဲ့ နည်းပြရော်နယ်ကိုးမန်းကိုတော့ လှောင်ပြောင်မှုတွေပြုလုပ်သွားခဲ့ပါတယ်။ ဆွာရက်ဇ်က လက်ဟန်ခြေဟန်နဲ့ ဖုန်းဆက်နေဟန်ကို ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီအပြုအမူက ရော်နယ်ကိုးမန်းကို ရည်ရွယ်ခဲ့တာလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့အခါမှာတော့ မဟုတ်ကြောင်း ငြင်းဆိုခဲ့ ပါတယ်။

သူ့ရဲ့ဖုန်းနံပါတ်ကို သိသူတွေကို ရည်ရွယ်ခဲ့တာဖြစ်ပြီး သူ့ဆီခေါ်ဆိုနိုင်တယ်ဆိုတာကိုသာ ရည်ရွယ်ခဲ့တာလို့ ရှင်းပြခဲ့ပါတယ်။

ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ဆွာရက်ဇ်ဟာ သူ ရင်ဆိုင်ခဲ့ဖူးတဲ့ လာလီဂါကလပ်ပေါင်း ၃၁ သင်းအထိကို ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီမှာ ဆွာရက်ဇ်က အက်သလက်တီကိုမက်ဒရစ်အတွက် ၈ ပွဲကစားအပြီး ၄ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ကာ ပြီးခဲ့တဲ့ ၇ နှစ်အတွင်းမှာ သူ ရင်ဆိုင်ခဲ့ဖူးသမျှ လာလီဂါအသင်းတိုင်းကို ဂိုးသွင်းယူနိုင်တဲ့ စံချိန်ကိုလည်း ပိုင်ဆိုင်ခဲ့ကာ ဘာစီလိုနာကတော့ ၃၁ သင်းမြောက် ဖြစ်လာခဲ့ပါတယ်။