ပြောသင့်တဲ့စကားများ၊ ခန့်မှန်းသင့်တဲ့ရလဒ်များနဲ့၊ ကျနော်တို့သွားနေတဲ့ကမ္ဘာ

◼️Nကြယ်မင်း


ပရီးမီးယားလိဂ်ကို Predictions လုပ်ခဲ့တဲ့နှစ်ကာလတွေပြန်ကြည့်ရင် အနှစ်နှစ်ဆယ်မကတော့ပါဘူး။မှန်လိုက်လေလို့ ဝေါခနဲပြိုကျလာတဲ့ လက်ခုပ်တွေလည်းရှိ၊ တစ်ပတ်လုံး တစ်ပွဲတောင် ဘုရားစူးမှန်ခဲ့တာတွေလည်းရှိခဲ့တာပေါ့။ ကျနော်တို့မြန်မာပြည်ကို ပီပီသသပွဲကြိုတွေ ပထမဆုံးတင်သွင်းခဲ့တာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာဦးဖေသိန်းပါပဲ။ သူက ပွဲကြိုတစ်ခုကို ဘယ်လိုအင်္ဂါရပ်တွေနဲ့တည်ဆောက်ရတယ်ဆိုတာကအစ ရှင်းလင်းတင်ပြရင်း ပရီးမီးယားလိဂ်ပွဲကြိုတွေ စတင်ခဲ့သူပဲဖြစ်ပါတယ်။

ဆရာဟာ ကျနော်တို့ဆီက ပွဲကြိုတွေရဲ့ပိုင်အိုးနီးယားဖြစ်ခဲ့ပေမယ့် ဒီအလုပ်မှာ အင်မတန်မှရှိုးတိုးရှန့်တန့်ဖြစ်ခဲ့သူပါ။ ကျနော်နဲ့ နှစ်အတန်ကြာစကားဝိုင်းဖွဲ့လေတိုင်း သူ့ကြောင့်သူ့စာဖတ်သူတွေ နစ်နာသွားမှာ အင်မတန်မှစိုးရိမ်တတ်သူဖြစ်ပါတယ်။ ကျနော်က ဆရာ့ကို ကျနော်တို့ ၁၀ပွဲခန့်မှန်းကြတယ်ဆရာရယ်၊ အဲ့ဒီမှာ ဘယ်နှစ်ပွဲမှန်ရင် အောင်မြင်ပြီလို့ဆိုနိုင်သလဲလို့ မေးခဲ့ဖူးပါတယ်။ အံ့သြစရာကောင်းလောက်အောင်ပဲ ‘40% မှန်ရင်ကိုမဆိုးတော့ဘူးကိုမိုးအောင်ရ’လို့ ဖြေခဲ့ဖူးတာ ကျနော်မမေ့သေးပါဘူး။ ဘောလုံးပွဲဆိုတာကိုက ထင်သလိုဖြစ်ခြင်း/မဖြစ်ခြင်းတွေနဲ့ ကျနော်တို့ကိုဖမ်းစားထားတဲ့
ကစားနည်းပါ။ ဘယ့်နှယ်လုပ်ပြီး ပွဲတိုင်းမှန်အောင်ခန့်မှန်းနိုင်ပါ့မလဲလို့ ဆရာက ချိန်ချိန်ဆဆပြောဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်နှစ်ခုပဲခန့်မှန်းချက်တွေ ဆရာကရေးသားခဲ့ရာမှာ သတိအကြီးဆုံးခန့်မှန်းမှုမျိုးတွေကိုပဲ ပြုလုပ်ခဲ့တာပါ။ ပရိသတ်ကြိုက်အောင်ရယ်လို့ အဆန်းတကြယ်ခန့်မှန်းမှုမျိုးတွေလုပ်လို့မရှိပါဘူး။ နိုင်ငံတကာအဆင့်မှာကြည့်ရင် ဘီဘီစီလူကြီးမင်းလော်ရိုကို ကျနော်တို့ထိတွေ့ခဲ့ကြရပါတယ်။ နှစ်ပေါင်းများစွာ သူ Predictions လုပ်ခဲ့တာတွေကြည့်ရင် ကျနော်တို့ဆရာဦးဖေသိန်းနဲ့ အခြေခံသဘောထားတွေ အတော်တူညီတာကိုတွေ့ရပါတယ်။ အဲ့ဒါတွေက အပေါ်အသင်းတွေကို အဓမ္မရွဲ့စောင်းစေခြင်းမရှိတာ၊ ဖြစ်နိုင်တဲ့ရလဒ်တွေမှာလည်း (2-0)၊ (3-0) ထက် ဘယ်တော့မှပိုပေးလေ့မရှိတာ၊ အပေါ်အသင်းမနိုင်လောက်ဘူးထင်ရင်တောင် သရေရလဒ်မျိုးပဲ ထိန်းထိန်းသိမ်းသိမ်းဖော်ပြတတ်တာတွေပါပဲ။

ဒါက ဆရာဦးဖေသိန်းသွားခဲ့တဲ့ နည်းလမ်းဖြစ်ခဲ့သလိုကျနော်ကိုယ်တိုင်လည်း အဲ့ဒါကိုချိုးဖောက်မိသူမဖြစ်အောင် အမြဲကျင့်ကြံခဲ့ပါတယ်။ ဒီတစ်ပတ် Week 7 ကို လော်ရိုခန့်မှန်းထားတဲ့ရလဒ်တွေနဲ့ MVP ခန့်မှန်းထားတာတွေကို ကျနော်နှိုင်းယှဉ်ပြပါ့မယ်။ အဲ့ဒါလေးဖတ်ကြည့်ရင် ပွဲကြိုဆရာတစ်ယောက်ရဲ့ ထားရှိအပ်သော နှလုံးခုန်သံကို ရိပ်မိနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

မန်ယူ – အဲဗာတန်ပွဲကို လော်ရိုက (2-0)လို့ခန့်မှန်းပြီး MVP က (2-1)လို့ဆိုပါတယ်။ လော်ရိုဟာ အဲဗာတန်ဂိုးရသွားမယ်ဆိုတာကို စွန့်စားယုံကြည်လိုစိတ်ရှိပုံမရပါဘူး။ မန်ယူရဲ့နောက်ဆုံးကြွေအရဆိုရင် (2-1)ဟာ ပိုပြီးနီးစပ်လိမ့်မယ်ဆိုတာ သူသိမှာပဲပေမယ့် သူမလုပ်ခဲ့ပါဘူး။ ဘန်လေက နောဝစ်ချ်ကို (2-1)နဲ့နိုင်မယ်ဆိုတာ လုံးဝ complaint တက်စရာမလိုအောင် ပြီးပြည့်စုံတဲ့ ခန့်မှန်းချက်ပါ။ အဲ့ဒီမှာ MVP က နောဝစ်ချ် (0-2)လို့ ခန့်မှန်းလိုက်တာက အတော့်ကိုရူးသွပ်ပြီး အရပ်စကားနဲ့ပြောရရင် နာမည်ကြီးဘောကန်လိုက်တာမျိုးပါပဲ။ ပွဲတိုင်းရှုံးထားပြီး ခံစစ်မှတ်တမ်းအဆိုးရွားဆုံးဖြစ်နေတဲ့ အသင်းကို ဘယ့်နှယ်လုပ်ပြီး (0-2) ပေးလို့ဖြစ်ပါ့မလဲ။ ခံစစ်မကောင်းတော့တဲ့ ဘန်လေရဲ့နိုင်လိုဇောကြောင့် (1-2) ဖြစ်သွားမယ်ဆိုတာမျိုးခန့်မှန်းလာရင် လက်ခံနိုင်ပါသေးတယ်။ လိဒ်စ်က ဝက်ဖို့ဒ်ကို(3-2)နဲ့ နိုင်မယ်ဆိုတာကလည်း အင်မတန်မှဆိုးရွားပါတယ်။ ဒီရလဒ်ဟာဖြစ်နိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ ဘာကြောင့်လိဒ်စ်က ‘3’လဲ၊ ဘာကြောင့် ဝက်ဖို့ဒ်က ‘2’တောင်လဲ၊ သူအတိအကျပြောနိုင်ရတဲ့အကြောင်းရင်းဟာ ဘယ်လိုလဲ။ ဒီနှစ်သင်းရဲ့ခံစစ်အနေ အထားတွေကြောင့် အပြန်အလှန်ဂိုးသွင်းပြီးမှ လိဒ်စ် နိုင်မယ်ဆိုရင်လည်း (2-1)မှာပဲရပ်ရပါမယ်။ ဘီဘီစီဆရာကတော့ (2-0)လို့ပဲ ခန့်မှန်းထားပါတယ်။

တကယ်တော့ MVP ဆိုတာ ခန့်မှန်းလောကသားတစ်ဦးမဟုတ်ပါဘူး။ သူက MMA Star တစ်ဦးပါ။ ဘီဘီစီက တာဝန်ယူကျင်းပပေးတဲ့ အပတ်စဉ်လော်ရိုနဲ့အပြိုင် ခန့်မှန်းကြစေတဲ့ Program မှာ သူက ဒီတစ်ပတ်အတွက် Special Guest တစ်ဦးသာဖြစ်ပါတယ်။ ဘီဘီစီက ဘယ်လိုဘောထားနဲ့သူ့ကိုရွေးခဲ့သလဲမဆိုနိုင်ပေမယ့် ပရိုမဟုတ်သူတစ်ဦးရဲ့ ခန့်မှန်းချက်တွေကို Public ဖော်ပြပေးခဲ့တာ အံ့သြစရာပါပဲ။ ဒီလိုပဲ ခြေမှန်ပြန်ရလာပြီလို့သုံးသပ်နေကြရတဲ့ အာဆင်နယ်ကို ဘရိုက်တန်က (2-1)နဲ့ အနိုင်ရမယ်ဆိုတာကလည်း အတော့်ကိုရုပ်ပေါက်ပါတယ်။ သူ့ရဲ့အတွင်းထောင့်တစ်ခုမှာ အာဆင်နယ်ကို ကြုံတုန်းနှိပ်ကွပ်လိုက်မယ်ဆိုတဲ့ ဖီလင်တစ်ခု ကိန်းဝပ်နေသလား တွေးစရာဖြစ်ရပါတယ်။ ထို့အတူ စပါး – ဗီလာပွဲမှာ လော်ရိုက စပါး (2-1)နဲ့နိုင်မယ်လို့ခန့်မှန်းတာဟာ ဖြစ်နိုင်ချေဘောင်ထဲမှာ အတိအကျရှိပါတယ်။ MMA Star ကတော့ စပါး(4-0)လို့ လုပ်ချလိုက်ပြန်ပါတယ်။ ဖြစ်လာစေဦးတော့၊ ကျနော်တို့တရားဝင်ဖော်ပြဖို့မသင့်တဲ့ခန့်မှန်းချက်မျိုးပါပဲ။

ဒီလောက်ဆို ကျနော်ပြောလိုရင်းကို ထိတွေ့နိုင်ကြမယ်ထင်ပါတယ်။ ဒီအချိန် ကျနော်တို့ဆီမှာ Tipster အသစ်တွေ အုံနဲ့ကျင်းနဲ့ပေါ်ပေါက်လာကြတာပါ။ ဒီမှာ ပရိုတစ်ယောက်အဖြစ် အသက်မွေးမယ်ဆုံးဖြတ်ထားကြတယ်ဆိုရင် ဘီဘီစီဆရာလို ရိုးသားဖို့၊ ပရိုဆန်ကြဖို့ တိုက်တွန်းလိုပါတယ်။ ခွင့်အရေးရလို့ စင်ပေါ်တက်ရပြီဆိုတာနဲ့ တစ်လောကလုံးဗြောင်းဆန်သွားအောင်လုပ်ပစ်မယ်။ ငါ့ရဲ့ကျော်ကြားမှုကို အဲ့ဒီလိုရယူမယ်လို့ မလျှော်အတွေး မတွေးကြစေချင်ပါဘူး။ ရိုးသားခဲ့ရင် အရောက်အပေါက်နှေးနိုင်ပေမယ့် နှစ်ကာလကြာတာနဲ့အမျှ ပြည်သူကချစ်ခင်လေးနက်လာပါလိမ့်မယ်။ ပြည်သူတင်းပြီဆို ကျဆုံးဖို့ကလွဲပြီး အခြားမရှိပါဘူး။