ပြောတော့ဥရောပချန်ပီယံဆိုပြီး တကယ်တမ်းကျ ဟာသလူရွှင်တော်အသင်းဖြစ်နေတဲ့ ချဲလ်ဆီး

မနေ့ညက တူရင်မြို့မှာ ကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ချဲလ်ဆီးပွဲမှာ အိမ်ရှင်ဂျူဗင်တပ်စ်က ချီယေဆာရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ အုပ်စုအဖွင့်မှာလည်း မာလ်မိုကို ၀-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချဲလ်ဆီးကိုလည်း ထပ်မံအနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲတစ်ရပ်ကို ဖော်ဆောင်ထားပါပြီ။

ဒီပွဲမှာ ချဲလ်ဆီးရဲ့ကစားပုံက ထိရောက်မှုမရှိခဲ့ဘဲ ခံစစ်နဲ့ပတ်သက်လာရင် နာမည်ကျော်တဲ့ ဂျူဗင်တပ်စ်ကတော့ အရေးကြီးတဲ့ပွဲတွေမှာ သူတို့ရဲ့ထုံးစံအတိုင်း ချဲလ်ဆီးကို အကောင်းဆုံး ထိန်းချုပ်ခဲ့ပါတယ်။

ဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာလည်း ဂျူဗင်တပ်စ်နောက်ခံလူ ချီလီနီက ပြိုင်ဘက် ချဲလ်ဆီးနဲ့ပတ်သက်လို့ လှောင်ပြောင်ခဲ့ပြီး တကယ်တမ်းမှာလည်း ဂျူဗင်တပ်စ်တို့ ချဲလ်ဆီးကိုအနိုင်ရရှိခဲ့တာပါ။

ချီလီနီက “ချဲလ်ဆီးနဲ့ကစားမယ့်ပွဲက ဒီနောက်ပိုင်းပွဲတွေမှာ အလွယ်ဆုံးပွဲတစ်ပွဲဖြစ်လာခဲ့မှာပါ။ ချန်ပီယံလိဂ်ပွဲတွေက ထိပ်တန်းပွဲတွေဖြစ်ပြီး အမြဲတမ်းပြင်ဆင်ရလွယ်ကူပါတယ်။ ဒီပွဲနဲ့ပတ်သက်တဲ့အရာတိုင်းက ရေချိန်အမြင့်ဆုံးဖြစ်နေလို့ပါ”

“ကျွန်တော်တို့က ဒီရာသီ ပထမဆုံး ချန်ပီယံလိဂ်ပွဲကို လက်ရှိချန်ပီယံအသင်းနဲ့ ရင်ဆိုင်ရမှာပါ။ သူတို့က ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဖလားရပြီးတည်းက ပိုမိုသန်မာလာပါတယ်။ ဒီတော့ ဒီပွဲက ထိပ်တန်းပွဲတစ်ပွဲဖြစ်လာမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ချီလီနီပြောခဲ့တဲ့အတိုင်းပဲ ချဲလ်ဆီးနဲ့ပွဲက ဂျူဗင်တပ်စ်အတွက် ပြိုင်ပွဲစုံနောက်ဆုံး (၃) ပွဲဆက်တိုက် နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးကတော့ မန်စီးတီး၊ ဂျူဗင်တပ်စ်တို့နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး (၂) ပွဲဆက်တိုက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။