ချန်ပီယံလိဂ်ပွဲမတိုင်ခင် ချယ်လ်ဆီးတို့ အကြိုက်ဖြစ်စေမယ့် ဂျုဗီရဲ့သတင်းဆိုး

ချယ်လ်ဆီး အသင်းဟာ ဒီတပတ်မှာ ဂျုဗင်တပ်စ် အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် တူရင်မှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဒီပွဲမှာ ဂျုဗင်တပ်စ် အသင်းရဲ့အဓိက တိုက်စစ်ကစားသမား(၂)ဦးဖြစ်တဲ့ ဒီဘားလားနဲ့ မိုရာတာ တို့ဟာ ဒဏ်ရာပြသနာတွေကြောင့် ပါဝင်နိုင်မှာမဟုတ်ဘူးလို့ metro သတင်းမှာ ဖော်ပြထားပါတယ်။

သူတို့(၂)ဦးဟာ မနေ့က ဆမ်ဒိုးရီးယား အသင်းကို အနိုင်ရခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ဒဏ်ရာပြသနာတွေရရှိခဲ့ကြတာဖြစ်ပါတယ်။ဒီဘားလား ဟာ ဆမ်ဒိုးရီးယားနဲ့ ပွဲမှာ ဂျုဗီ အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့တာဖြစ်ပေမယ့် ဒဏ်ရာရသွားတာကြောင့် ပွဲချိန်(၂၁)မိနစ်မှာထဲက လူစားလဲခဲ့ရတာပါ။

ဂျုဗင်တပ်စ် အသင်းဟာ ဒီပွဲမှာ ဆမ်ဒိုးရီးယား အသင်းကို (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အသင်းတိုက်စစ်မှုး မိုရာတာ ကလည်း ဒဏ်ရာပြသနာရရှိခဲ့တာကြောင့် နည်းပြ အယ်လီဂရီ အတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

အယ်လီဂရီ က “ဒီဘားလားနဲ့ မိုရာတာ တို့ဟာ ချယ်လ်ဆီး ဒါမှမဟုတ် တိုရီနို တို့ ပွဲတွေမှာ ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ဒါဟာလုံးဝအသေအချာပါပဲ”

“နိုင်ငံတကာပွဲစဉ်တွေအပြီးမှာတော့ သူတို့ပြန်ပါဝင်ကစားနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ဒါဟာ ကစားပွဲရဲ့အစိတ်အပိုင်းဖြစ်ပြီး ကျွန်တော်တို့ ဆက်လုပ်စရာရှိတာတော့ ဆက်လုပ်ရမှာပါပဲ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ထွက်ခွာသွားပြီးနောက် ရာသီအစမှာ စိတ်ပျက်စရာရလဒ်တွေနဲ့ စတင်ခဲ့တဲ့ ဂျုဗီအသင်းအတွက် ဒီဘားလားနဲ့ မိုရာတာ တို့ ဟာ ဒီရာသီမှာ (၃)ဂိုးစီသွင်းယူထားတာဖြစ်ပါတယ်။ဆမ်ဒိုးရီးယား ကို အနိုင်ရခဲ့တဲ့ ပွဲဟာ ဒီရာသီ ဂျုဗီရဲ့ဒုတိယမြောက် စီးရီးအေ နိုင်ပွဲဖြစ်ခဲ့ပါတယ်။

ဂျုဗီ အသင်းဟာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ်မယ်လ်မို အသင်းနဲ့ အဝေးကွင်းမှာ ကစားခဲ့ရာမှာတော့ (၃)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

Zawgyi






