ဒိုင်တွေအဆင့်မရှိလို့ ရောမဒါဘီပွဲမှာ သူရှုံးရတာဆိုတဲ့ မော်ရင်ဟို

ရိုးမားနည်းပြ မော်ရင်ဟိုဟာ မနေ့ညက လာဇီယိုကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ရောမဒါဘီပွဲအပြီး ကွင်းလယ်ဒိုင်နဲ့ VAR ကို ဝေဖန်ပြစ်တင်လိုက်တယ်လို့ သိရှိရပါတယ်။

ဒီပွဲဟာ မော်ရင်ဟိုအတွက် စီးရီးအေနောက်ဆုံး အဝေးကွင်း (၂) ပွဲဆက် အရှုံးဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင် မာကိုဂွီဒါကလည်း အဝါကတ် (၆) ကတ်အထိ အသုံးပြုခဲ့ရတာပါ။ ပွဲအပြီးမှာတော့ မော်ရင်ဟိုက “ကံမကောင်းစွာနဲ့ပဲ သိပ်ကောင်းတဲ့ပွဲတစ်ပွဲက အဆင့်မမှီတဲ့ ဒိုင်လူကြီးနဲ့ VAR တို့ကြောင့် ပျက်စီးခဲ့ရပါတယ်”

“၁-၁ ဖြစ်သင့်တဲ့အနေအထားက ၂-၀ ဖြစ်သွားခဲ့ပြီး လူးကပ်စ်လီဗာကို ဒုတိယအဝါကတ်မပြခဲ့တာကလည်း အရေးကြီးတဲ့ အခိုက်အတန့်ပါပဲ။ ကျွန်တော့်အသင်းက ဒီနေ့ကွင်းထဲမှာ အကောင်းဆုံးဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ပွဲကို လွှမ်းမိုးနိုင်ခဲ့ပြီး လာဇီယိုကိုလည်း ပြဿနာတွေအများကြီး ပေးနိုင်ခဲ့ပါတယ်”

“ဒါပေမယ့် သူတို့က ပွဲကစားချိန်နှောင်းပိုင်းမိနစ်တွေမှာ သူတို့လိုသလို ပွဲကို ထိန်းချုပ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒိုင်လူကြီးရဲ့ ခွင့်ပြုချက်နဲ့လေ”  လို့ ဝေဖန်သွားခဲ့ပါတယ်။

ဒီပွဲဟာ မော်ရင်ဟိုရဲ့နည်းပြဘဝအတွက် ပထမဆုံးရောမဒါဘီဖြစ်ခဲ့ပြီး မော်ရင်ဟိုက အခုလိုပဲ ရှုံးနိမ့်ခဲ့ရတာပါ။ မော်ရင်ဟိုရဲ့ရိုးမားဟာ လက်ရှိ စီးရီးအေအမှတ်ပေးဇယားရဲ့ အဆင့် (၄) နေရာမှာ ရပ်တည်နေပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိနေတဲ့ နာပိုလီအသင်းနဲ့ (၆) မှတ်ကွာဟနေပါတယ်။