အခြေအနေအရမ်းဆိုးခဲ့တဲ့ ရီးရဲယ်ကြောင့် ဘဝပျက်မတတ်ပေးဆပ်ခဲ့ရတဲ့ တိုနီကရူးစ်

ရီးရဲယ်မက်ဒရစ်ကွင်းလယ်လူ တိုနီကရူးစ်ဟာ ဒဏ်ရာကြောင့် နာကျင်နေပါလျက်နဲ့ (၆) လကြာအောင် ရီးရဲယ်မက်ဒရစ်အတွက် ကစားပေးခဲ့တယ်လို့ ဖွင့်ဟဝန်ခံလိုက်ပါတယ်။

ရီးရဲယ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရုန်းကန်ခဲ့ရပြီး ဂျာမနီလက်ရွေးစင်အသင်းကလည်း တိုနီကရူးစ်လို ကွင်းလယ်ဗိုလ်ချုပ်ကို မဖြစ်မနေလိုအပ်ခဲ့တာကြောင့် တိုနီကရူးစ်က အခုလိုပဲ အရွယ်နဲ့မလိုက် ပေးဆပ်ခဲ့ရတာပါ။

ဘောလုံးလောကအတွက် တန်ဖိုးဖြတ်လို့မရတဲ့ ဂျာမနီလူမျိုးကွင်းလယ်ကစားသမားဟာ အသက် (၃၁) နှစ်အရွယ်ရှိနေပြီး လက်ရှိအချိန်မှာတော့ ရီးရဲယ်မက်ဒရစ်အတွက် ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လည်ကစားပေးဖို့ ဆန္ဒပြင်းပြနေပါပြီ။ Goal သတင်းဌာနနဲ့တွေ့ဆုံခန်းမှာ တိုနီကရူးစ်က “ကျွန်တော် ပျော်ရွှင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ရီးရဲယ်မက်ဒရစ်နဲ့ တတိယအကြိမ်မြောက် လေ့ကျင့်ခန်းဆင်းပြီး နာကျင်မှုမရှိတော့လို့ပါ”

“ကျွန်တော် (၆) လ (၇) လလောက် ဒဏ်ရာကြောင့် နာကျင်နေခဲ့တာပါ။ အဲ့ဒါကြောင့် အခုတော့ ခံစားချက်တွေ အရမ်းပြန်ကောင်းနေပါပြီ။ နောက်ဆုံး ကစားခဲ့တာ ဇွန် (၂၉)၊ ယူရိုပြိုင်ပွဲတုန်းကပါ။ ကျွန်တော် မကစားနိုင်တာ (၃) လလောက်ရှိပါပြီ။ အခုတော့ နည်းနည်းလေး အသားတကျဖြစ်လာပါပြီ”

“မတ်လောက်မှာ ကျွန်တော့်ပေါင်ခြံက နာကျင်နေခဲ့ပေမယ့် မကစားဘဲနေဖို့ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ယူရိုပွဲကစားဖို့ရှိနေလို့ပါ။ ယူရိုပြီးသွားတော့ ကျွန်တော် အနားယူလိုက်ရင် ကောင်းသွားမယ်ထင်ခဲ့ပါတယ်။ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့လို့ ကျွန်တော် အနားယူလိုက်ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

တိုနီကရူးစ်ဟာ အခုတစ်ပတ် ဘာနေဗျူးမှာ ကစားမယ့် ရှရစ်ဖ်နဲ့ ချန်ပီယံလိဂ်အုပ်စုပွဲအတွက် အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ဆိုခဲ့ပေမယ့် နည်းပြ အန်ဆယ်လော့တီရဲ့ ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းရဦးမယ်လို့လည်း သိရှိရပါတယ်။