မာလ်ဒီနီမျိုးဆက်၊ အူဘာမီယန်ဂါရဝတရားနဲ့ ညနှစ်ညပုံပြင်

◼️ Nကြယ်မင်း

စနေညက မာလ်ဒီနီမျိုးဆက်အက်ဆေးကိုဖတ်ရတယ်။ မျိုးဆက် ၃ခုလုံးဟာ အေစီမီလန်အမှုတော်ကိုထမ်းခဲ့ကြတာပဲ။ သားမာလ်ဒီနီက ပွဲကြည့်စင်အပေါ်မှာ ကြည်လင်စွာချိုမြလို့၊ မြေးမာလ်ဒီနီကမြက်ခင်းတွေပေါ်မှာ တောက်ပစွာပြေးလွှားလို့။ လောကမှာ အဖေတွေရဲ့ခြေရာအတိုင်း လိုက်နင်းကြတယ်ဆိုတာ မင်္ဂလာရှိပါတယ်။ ဒါဟာ မျိုးဆက်တွေရဲ့ ချစ်မြတ်နိုးဖွယ်အနမ်းပဲ။ ကျနော်တို့ ဒီအတိုင်းစီးဆင်းခဲ့ကြတယ်။ တကယ်ပါ၊ လုပ်နိုင်ရင်လှတာပေါ့။ ဖြစ်ခဲ့ရင် မြူးကြွားချင်စရာပေါ့လေ။

ဒါပေမဲ့ အဖေက ဗေဒင်ဆရာလုပ်တိုင်း သားကလက္ခဏာဟောစားရမှာလား။ အဖေက လူကြမ်းမင်းသားဆိုတိုင်း သားက မှန်ရှေ့မှာ ဗီလိန်ဇာတ်ရုပ်လေ့ကျင့်ရမှာလား။ အဖေက တိုင်းပြည်လက်ညှိုးထိုးရောင်းစားတိုင်း သားက သစ္စာဖောက်မြို့ပိုင်မင်းဖြစ်ပေးရမှာလား။ ဟော့ဒီမှာ အဖိုးအရိပ်၊ အဖေ့အရိပ်အတိုင်းပေါ့၊ မျိုးဆက်အက်ဆေးကို ရေးခဲ့တာဘယ်လောက်တောင် မင်္ဂလာရှိလိုက်သလဲဆိုတာကျနော်လက်ခံပါတယ်။ ဒါပေမဲ့ ကိုယ်က အဲ့ဒီမှာတကယ်ရောရှိရဲ့လား။ ကိုယ်လိုချင်တာ ဒါတွေရော ဟုတ်ရဲ့လား။ ကောင်းပြီ၊ သားတွေအတွက် အနီးဆုံးသူရဲကောင်းတွေဟာ အဖေတွေသာဖြစ်ခဲ့လို့သူသွားခဲ့တဲ့လမ်းအတိုင်း လိုက်မယ်ဆိုရင်လည်း သူ့ထက်မသာတောင် အနိမ့်ဆုံး သူ့လောက်တော့ ဖြစ်နိုင်ရမှာပေါ့။

အပြင်ကမ႓ာမှာ မြို့ပြတွေ၊ စက်မှုစွမ်းအားတွေ၊ ကလစ်ခ်တစ်ချက်နှိပ်လိုက်ရုံနဲ့ပွင့်ထွက်သွားတဲ့ အိပ်မက်ဇာတ်ရုံတွေ။ နောက်ဆုံးမျိုးဆက်တွေဟာ ပိုပြီးအခွင့်အရေးရှိပါတယ်။ ပိုပြီးလုပ်နိုင်ကြရပါလိမ့်မယ်။ အဖေ့ခြေရာအတိုင်းလိုက်ပါတယ်ဆိုပြီး ယောင်ဝါးလုပ်နေတဲ့ မျိုးဆက်သစ်ကလေးတွေကို ကျနော်တို့လွယ်လွယ်ချစ်နိုင်ကြမယ်မဟုတ်ပါဘူး။ ကဲ အခု ဒင်နီယဲလ်မာလ်ဒီနီလေး ဂိုးသွင်းလိုက်ပါပြီ။ သူ အဲ့ဒီလိုစတင်ခဲ့ပြီ။ ခြေရာနင်းသူထက် ကျယ်ဝန်းတဲ့ခြေရာရှာတွေ့သူဖြစ်ပါစေသား ကျနော်တို့ဆုတောင်းပေးကြရမှာပေါ့။

ဒီသဘောဆန်ဆန် နောက်ထပ် Sense တစ်ခုမနေ့ညက ကျနော်တို့ထပ်တွေ့ကြရတာပေါ့။ အာဆင်နယ် – စပါး လန်ဒန်ဒါဘီပွဲစဉ်ကို ကျနော်တို့ရဲ့ချစ်စွာသော အွန်နရီလာကြည့်ခဲ့တာပေါ့။ သူဟာကျနော်တို့ခေတ်ရဲ့ အာဆင်နယ်ဆောင်းဘောက်စ်ပဲ။ သူနဲ့အတူ သီဆိုခဲ့ကြ၊ တုန်ခါခဲ့ကြ၊ ပွင့်ထွက်ခဲ့ကြဖူးတာပေါ့။ ထပ်တူကျရဲ့လား မစဉ်းစားဘဲ သူနဲ့အနီးစပ်ဆုံးပေးဆပ်နိုင်စွမ်းရှိသူ နောက်တစ်ယောက်အဖြစ် အူဘာမီယန်ကို ကျနော်တို့ရခဲ့ကြတယ်။သူဟာ မလိုအပ်ဘဲဝေ့ဝဲသွားတတ်တာ၊ တုန့်ဆိုင်းသွားတတ်တာတွေရှိပေမယ့် သူသာ သူ့ကိုမှန်မှန်ကန်ကန်ဖော်ထုတ်နိုင်ရင် သူ့လောက်လင်းပွင့်တဲ့တိုက်စစ်မှုးတစ်ယောက်ဆို အတော်ရှာယူကြရမယ့်သဘောရှိပါတယ်။

မနေ့က အာဆင်နယ်ဟာ အခုမှ ဆရာ-ဒကာ တွေ့ကြသလို၊ အခုမှ အနာနဲ့ ဆေးတွေ့ကြသလိုကစားခဲ့ပါတယ်။ အာတီတာလက်ထက်မှာ ဒီလောက်ကောင်းတဲ့ပွဲမျိုး သူတို့ကစားဖူးခဲ့ကြရဲ့လားတောင် ကျနော်တွေးမိတဲ့အထိပါပဲ။ အဲ့ဒီလိုပွဲမျိုးမှာ၊ ဆာကာနဲ့ စမစ်ရိုးတို့တောင် ကောင်းကင်တော်ကိုထိစမ်းနေတဲ့ပွဲမျိုးမှာ အူဘာမီယန်သာဂိုးမရခဲ့ရင် အခုလိုပြီးပြည့်စုံခဲ့မယ်မထင်ပါဘူး။ ဒါပေမဲ့ သူဂိုးရခဲ့ပါတယ်။ သူဟာ အနည်းငယ်ကြွစောင်းစောင်းဖြစ်နေသလား၊ သူဟာ မာနစိတ်နဲ့ အိပ်မက်မှာ ပျံ့လွင့်လို့ကောင်းနေသူလား၊ နည်းပြနဲ့မသင့်မမြတ်ရှိနေတဲ့အရိုင်းတစ်ယောက်လား၊ No, No, No.. သူဟာဂိုးသွင်းပြီးတော့ အွန်နရီပုံစံအတိုင်း အောင်ပွဲခံခဲ့ပါတယ်။ သူ့ရဲ့ဂါရဝတရားကိုပြသခဲ့ပုံမှာ အဝေးကကျနော်တို့ကြည့်ငေးရင်း ကြည်နူးကြရတယ်။

ပွဲကြည့်စင်ပေါ်က အရယ်အပြုံးခက်တဲ့ဘဲကြီးအွန်နရီလည်း ကြွေဆင်းခဲ့ချေပေါ့။ မာလ်ဒီနီမျိုးဆက်ကနေ အူဘာမီယန်ဂါရဝတရားအထိ လှချင်တိုင်းလှထွက်သွားတဲ့ ညကလေးနှစ်ညရဲ့ပုံပြင်ကို ကျနော်အခုပြောခဲ့ပါတယ်။ နောက်လူများအထိဒီစကားချိုပါစေ..