ရော်နယ်ဒိုမရှိလို့ ဘဝပျက်ပြီး ကစားသမားတွေကိုပါ ဆဲဆိုရတဲ့ဘဝရောက်သွားတဲ့ ဂျူဗင်တပ်စ်နည်းပြ

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက အဆိုးရွားဆုံးရာသီအဖွင့်ရလဒ်တွေနဲ့ ကြုံတွေ့နေရတဲ့နောက် ကစားသမားတွေကို အကြီးအကျယ်ပေါက်ကွဲခဲ့တယ်လို့ သိရှိရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အေစီမီလန်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့် (၁၈) အထိ ရောက်ရှိသွားခဲ့ပြီး (၁၉၆၁) နောက်ပိုင်း အဆိုးရွားဆုံး ရာသီအဖွင့်နဲ့ ရင်ဆိုင်နေရတာပါ။

ဂျူဗင်တပ်စ်အသင်းဟာ လက်ရှိဘောလုံးရာသီ စီးရီးအေပြိုင်ပွဲမှာ နိုင်ပွဲတစ်ပွဲမှမရရှိသေးဘဲ သရေပွဲ၊ ရှုံးပွဲတွေနဲ့သာ ရင်ဆိုင်နေရတာဖြစ်ပြီး အေစီမီလန်ကို သရေကျပြီးတဲ့နောက်မှာတော့ အယ်လီဂရီတစ်ယောက် အကြီးအကျယ်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ အယ်လီဂရီဟာ ပွဲချိန်အတွင်းမှာပဲ အကြီးအကျယ်ပေါက်ကွဲခဲ့ပြီး ပွဲသိမ်းခရာမှုတ်ချိန်မှာလည်း အဝတ်လဲခန်းသွားရာ ဥမင်လှိုဏ်ခေါင်းထဲကို တန်းတန်းမတ်မတ်ဝင်သွားခဲ့တာပါ။

အယ်လီဂရီက ဥမင်လှိုဏ်ခေါင်းထဲဝင်ခါနီးမှာ “သောက်တလွဲကောင်တွေရေ…. မင်းတို့က ဂျူဗင်တပ်စ်အတွက် ကစားပေးနေတာနော်။” လို့လည်း ဒေါသတကြီး ပြောဆိုသွားခဲ့တယ်လို့သိရှိရပါတယ်။ ဂျူဗင်တပ်စ်ဟာ စီးရီးအေပွဲ (၄) ပွဲကစားပြီးချိန်အထိ ရမှတ် (၂) မှတ်သာရရှိထားတာဖြစ်ပါတယ်။

ရော်နယ်ဒိုထွက်ခွာသွားတာက ဂျူဗင်တပ်စ်အတွက် ပြဿနာမရှိဘူးလို့ဆိုနေပေမယ့် အရင်တည်းက ကစားသမားအင်အားနည်းပါးနေတဲ့ ဂျူဗင်တပ်စ်တို့ ရော်နယ်ဒိုမရှိတော့တဲ့ဒဏ်ကို အလူးအလဲခံစားနေရတာပါ။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ပြောင်းရွှေ့သွားပြီးနောက်ပိုင်း ပြိုင်ပွဲစုံသွင်းဂိုး (၄) ဂိုးသွင်းယူထားပြီး ဒါဟာ ရော်နယ်ဒိုမရှိတဲ့နောက်ပိုင်းမှာ ဂျူဗင်တပ်စ်တို့ရရှိထားတဲ့ လိဂ်သွင်းဂိုးအရေအတွက်ထက် ပိုမိုများပြားနေပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်အပတ်မှာ စပီဇီယာအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ချန်ပီယံလိဂ်ပွဲကျပ်အဖြစ် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။