ဆွန်သာ သူ့သားဆို ထမင်းမကျွေးတော့ဘူးလို့ ပြစ်တင်ပြောဆိုလိုက်တဲ့ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ မနေ့ကပွဲမှာ မက်တော်မီနေးနဲ့ ထိခိုက်ပြီးနောက် လိုအပ်တာထက်ပိုပြီး နာကျင်ပြခဲ့တဲ့ ဆွန်ဟောင်မင်ကို ဝေဖန်ပြောဆ်ုလိုက်ပါတယ်။ မက်တော်မီနေးဆီက ဘောလုံးကို လိုက်လုဖို့ကြိုးစားခဲ့တဲ့ ဆွန်ဟောင်မင်ဟာ စကော့ကစားသမားကို လက်နဲ့လိုက်ဆွဲခဲ့ပြီး တော်မီနေးက လက်ကိုပုတ်ထုတ်ရာကနေ မျက်နှာကိုမတော်တဆထိမိခဲ့ပါတယ်။ တော်မီနေးရဲ့ ဘောလုံးလမ်းကြောင်းစတင်ရာကနေ ကာဗာနီက ဂိုးသွင်းခဲ့ပေမယ့်ကွင်းလယ်ဒိုင်က VAR ပြည့်ကြည့်ခဲ့ပြီး ဆွန်ကို ပြစ်ဒဏ်လုပ်ခဲ့တယ်လို့ ယူဆကာ ယူနိုက်တက်ရဲ့ ဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။ အဲဒီနောက် မကြာခင်ပဲ ဆွန်က စပါးအတွက် ဂိုးသွင်းခဲ့ပြီး ဦးဆောင်စေခဲ့ပေမယ့် သူ့ရဲ့လုပ်ရပ်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

မော်ရင်ဟိုနဲ့ ဆိုးလ်ရှားတို့လည်း အဆိုပါအဖြစ်အပျက်အတွက် အမြင်မတူခဲ့ကြသလို ဂိုးသွင်းခဲ့တဲ့ ကာဗာနီကလည်း သူ့ရဲ့ဂိုးမရခဲ့တဲ့အပေါ် တော်တော်လေးဒေါသထွက်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကလည်းတော်တော်လေးအံ့အားသင့်ဖို့ ကောင်းနေခဲ့ပြီး ပရိသတ်တွေကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့ပါတယ်။ အနှေးပြကွက်တွေအရ ဆွန်ကသာ လိုက်ဆွဲခဲ့တာဖြစ်ပြီး တော်မီနေးနဲ့ ထိခိုက်ရာမှာ သာမာန်ပုံစံသာဖြစ်ခဲ့ပေမယ့် ဆွန်ကဆေးအဖွဲ့အကူအညီပါရယူသွားခဲ့တာ ဖြစ်လို့ ပရိသတ်တွေရဲ့ ဝေဖန်မှုက တော်တော်ကျယ်လောင်ခဲ့ပါတယ်။

“တကယ်လို့ ကျနော့်သားသာ လဲကျနေခဲ့ပြီး အသင်းဖော်တွေထူမှပဲ ထရလောက်အောင်ဖြစ်နေမယ်ဆိုရင် သူ့ကိုထမင်းတောင်မကျွေးဘဲ ပစ်ထားလိုက်မှာဗျ၊ တော်တော်ရှက်စရာကောင်းပါတယ်၊ ပွဲက လုံးဝအနှစ်သာရပျောက်ကွယ်သွာူပါတယ်၊ အရမ်းကောင်းခဲ့တဲ့ သွင်းဂိုးတစ်ဂိုးဖြစ်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ ဒိုင်က ခွင့်မပြုခဲ့ပါဘူး၊ သူက ကျနော်တို့ကို ဘောလုံးကစားတာမဟုတ်ဘူး ဒါမှမဟုတ် VAR ကဆုံးဖြတ်တာလို့ ပြောကောင်းပြောနိုင်ပါတယ်”

“ပြစ်ဒဏ်ဘောလို့သတ်မှတ်တော့ ကျနော်တို့တော်တော်လေးရှော့ခ်ဖြစ်ခဲ့ပါတယ်” လို့ ဆိုးလ်ရှားက ပြောဆ်ုခဲ့ပါတယ်။ ဆိုးလ်ရှားဟာ အရင်ကလည်း မလိုအပ်ပဲ ဟန်ဆောင်လှဲချမှုနဲ့ ပတ်သက်ပြီး အခုလိုပဲ သူ့ရဲ့သားဆိုပါကပေါင်မုန့်ပဲကျွေးနေမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ အခုကတော့ ဒုတိယအကြိမ်ပြောဆိုခဲ့တာဖြစ်ပြီး ကွင်းအတွင်းမှာလည်း ဒီဆုံးဖြတ်ချက်အတွက် စတုတ္ထဒိုင်ကို စောဒကတက်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ယူနိုက်တက်က ဖရက်ဒ်၊ ကာဗာနီ၊ ဂရင်းဝုဒ်တို့ရဲ့ ဂိုးတွေနဲ့ စပါူကို အနိုင်ယူခဲ့ပါတယ်။