ကွင်းလယ်ဒိုင်ကို ပြသနာရှာစရာမရှိ ကြံဖန်ပြီးရှာခဲ့တဲ့ ဘာကာနောက်ခံလူပီကေး

ရီးရဲလ်မက်ဒရစ်ကို ဘာစီလိုနာက အရေးနိမ့်ခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ် အအြီးမှာတော့ ဘာကာနောက်ခံလူပီကေးဟာ ကွင်းလယ်ဒိုင်လူကြီးကို စောဒကတက်ခဲ့ကာ ဒေါသထွက်နေခဲ့ပါတယ်။ အဆိုပါပွဲမှာတော့ ပီကေးဟာအရန်ကစားသမားအဖြစ်နဲ့သာ ရှိနေခဲ့ပြီး တစ်မိနစ်မျှတောင် ကစားပေးခဲ့ရခြင်းမရှိဘဲ အသင်းရှုံးပွဲကို နာကျင်စွာနဲ့ထိုင်ကြည့်နေခဲ့ရပါတယ်။ အမှတ်ပေးဖလားအတွက် အရေးကြီးချိန်မှာ ရှုံးပွဲတွေ့ခဲ့တာဖြစ်လို့လည်း ပီကေးရဲ့ စိတ်ခံစားချက်က ပိုမိုပြင်းထန်နေခဲ့ဖွယ်ရှိပါတယ်။

ပီကေးဟာ ပွဲသိမ်းခရာမှုတ်ချိန်မှာ ကွင်းလယ်ဒိုင်ဂီလ်မန်ဇာနိုဆီ သွားခဲ့ပြီး စကားပြောဆိုခဲ့ပါတယ်။ ရုပ်သံပြကွက်တွေအရ ပီကေးက ” ငါပြောဦးမယ်၊ ငါ့ကိုပြောခွင့်ပေး၊ တကယ်ဆိုရင် နာကျင်အချိန်ပို ခင်ဗျားနည်းနည်းလေး ပိုပေးသင့်ခဲ့တယ်၊ ကွင်းထဲမှာနည်းနည်းကြာပြီးမှ ခင်ဗျားထွက်လာခဲ့သင့်တယ်” လို့ ဒိုင်လူကြီးကို ပြောဆိုခဲ့ပါတယ်။၂-၁ နဲ့ ပွဲပြီးဆုံးခဲ့တာဖြစ်ပြီး မိနစ် ၉၀ မှာ ရီးရဲလ်ဘက်က ကက်စ်မဲရိုးထုတ်ပယ်ခံခဲ့ရလို့ ပီကေးပြောသလိုနောက်ထပ်အချိန်အနည်းငယ်ပေးခဲ့ရင် ဘာကာအတွက် ဂိုးသွင်းနိုင်ဖို့ အချိန်ထပ်ရခဲ့မှာဖြစ်ပါတယ်။

မန်ဇာနိုက နာကျင်အချိန်ပိုကို လေးမိနစ်တည်းသာ ပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ပွဲကစားချိန်အတွင်းရပ်တန့်ခဲ့ရတဲ့ အချိန်တွေဟာ လေးမိနစ်မကဘူးလို့ ပီကေးက ယုံကြည်နေခဲ့ပြီး ဘာကာနည်းပြရော်နယ်ကိုးမန်းကိုယ်တိုင်ကလည်း နာကျင်အချိန်ပိုသတ်မှတ်ကေးမှုကြောင့် အံ့အားသင့်ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။ လေလွင့်အချိန်တွေနဲ့ ကက်စ်မဲရိုးရဲ့ အဖြစ်အပျက်တွေကို ဆုံးဖြတ်ဖို့အချိန်ကို တွက်ချက်ပါက အနည်းဆုံးငါးမိနစ်ထိရသင့်တယ်လို့လည်း ယုံကြည်နေကြတာပါ။

“တကယ်လို့ ခဗျားသာ ဘာကာပရိသတ်ဖြစ်မယ်ဆိုရင် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်နှစ်ခုကြောင့် ဒေါသထွက်နေမှာပါပဲ၊ အရမ်းလည်း မပျော်မရွှင်ဖြစ်နေပါလိမ့်မယ်၊ ပထမပိုင်းမှာ ကျနော်တို့ ညံ့ဖျင်းခဲ့ပါတယ်၊ ဒုတိယပိုင်းမှာတိုးတက်လာခဲ့ပြီး ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေက မှန်ရဲ့လားမေးချင်ပါတယ်၊ နာကျင်အချိန်ပိုက လေးမိနစ်ထက် ပိုများခဲ့ရမှာပါ” လို့ ကိုးမန်းက ပွဲအပြီးမှာပြောခဲ့ပါတယ်။ ဘာကာဟာ ရီးရဲလ်နဲ့ တစ်မှတ်ကွာဟသွားပြီဖြစ်ပြီး ထိပ်တိုက်တွေါဆုံမှုမှာလည်း အရေးနိမ့်ခဲ့ပြီဖြစ်လို့ ဆုဖလားရယူဖို့ဆို သေချာပေါက်အမှတ်အသာရဖို့ လိုအပ်သွားပြီဖြစ်ပါတယ်။