ယူနိုက်တက်ပွဲအတွင်းကိုယ်လုံးတည်းနဲ့ပြေးဝင်ဖို့ ၁၄ နာရီကြာပုန်းပြီး စောင့်ခဲ့တဲ့ အမျိုးသား

ဂရန်နာဒါနဲ့ မန်ချက်စတာယူနိုက်တက်တို့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ပွဲချိန်တွင်း ဝတ်လစ်စလစ်နဲ့ ကွင်းအတွင်းပြေးဝင်ခဲ့တဲ့ အမျိုးသားဟာ ပွဲမတိုင်ခင် ၁၄ နာရီအလိုကတည်းက ပုန်းအောင်းစောင့်ဆိုင်းနေခဲ့တာဖြစ်တယ်လို့ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဒီလူဟာ ပွဲစပြီး ၁၀ မိနစ်အကြာမှာပဲ ကိုယ်လုံးတိးနဲ့ ကွင်းအတွင်းကို ပြေးဝင်လာခဲ့တာဖြစ်ပြီး လုံခြုံရေးဝန်ထမ်းတွေက လိုက်လံဖမ်းဆီးခဲ့ရပြီး ကွင်းပြင်ခေါ်ထုတ်ခဲ့ရပါတယ်။ 

အိုလ်မိုဂါစီယာလို့ အတည်ပြုနိုင်တဲ့ အမျိုးသားဟာ လက်ရှိမှာတော့ The naked Man of Granada လို့ လူသိများထင်ရှားနေပြီလည်းဖြစ်ပါတယ်။ သူဟာ ကိုဗစ်စည်းကမ်းတွေကိုလည်း ချိုးဖောက်ခဲ့ကာ ရဲတပ်ဖွဲ့လုံခြုံရေးတွေကိုလည်း ရှောင်ကွင်းခဲ့ပြီး ငွင်းအတွင်းကို အခုလိုဝင်ရောက်နိုင်ဖို့အတွက် ၁၄ နာရီအထိ စိတ်ရှည်ရှည်စောင့်ဆိုင်းခဲ့ကာ ကွင်းအတွင်းက ပြန်ထွက်ခဲ့ရချိန်မှာလည်း မတုန်မလှုပ်နဲ့သာ ရှိနေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ 

“ကြီးမားတဲ့ ပတ္တူကြီးတစ်ခုကို သူဖန်တီးခဲ့ပြီး အဲဒီအောက်မှာပုန်းနေခဲ့တာကို သိရှိခဲ့ရပါတယ်၊ သူက အားကစားကွင်းနဲ့ အခြားအဆောက်အဦတစ်ခုကြားက လုံခြုံရေးတွေကို ရှောင်ကွင်းပြီး သူဆုံးဖြတ်ထားတဲ့အရာ မလုပ်ရမချင်းမှာ ၁၄ နာရီအထိ ပုန်းအောင်းနေထိုင်ခဲ့ဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ဒေသခံရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီအမျိုးသားဟာ အခြားသောရည်ရွယ်ချက်တွေမရှိဘူးလို့ ယူဆရပြီး ကွင်းအတွင်း ဗလာထီးတည်းပြေးဝင်ဖို့သာရည်ရွယ်ခဲ့ပုံရတယ်လို့လည်း ခန့်မှန်းရပါတယ်။

အဆိုပါပွဲမှာတော့ ယူနိုက်တက်က အိမ်ရှင်ဂရန်နာဒါကို ၀-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့က အနိုင်ဂိုးတွေ သွင်းယူခဲ့ကြပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ သေချာသလောက်ရှိ​ေနပြီဖြသ်ပါတယ်။ ဒုတိယအကျော့ကိုတော့ အိုးထရက်ဖို့ဒ်မှာ ကစားရမှာဖြစ်ကာ ဂရန်နာဒါအနေနဲ့ ၃ ဂိုးပြတ်နဲ့ ပြန်လည်အနိုင်ယူနိုင်မှသာ နောက်တဆင့်ကို တက်ရောက်နိုင်တော့မှာလည်း ဖြစ်ပါတယ်။