သူလည်း လူသားတဦးပဲဆိုတာကို အံ့အားသင့်ဖွယ်လွဲချော်မှုနဲ့ ပြသလိုက်တဲ့ ရော်နယ်ဒို

နာပိုလီကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂျူဗီတိုက်စစ်မှူးရော်နယ်ဒိုက အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂျူဗီက ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် မျှော်လင့်နိုင်ဆဲဖြစ်ကာ ရော်နယ်ဒိုကတော့ သီးရီးအေသွင်းဂိုး ၂၅ ဂိုးအထိ ပြည့်မြောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါပွဲမှာ ရော်နယ်ဒိုဟာ သုံးကိုက်အကွာကနေ အပိာင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် အံ့အားသင့်ဖွယ်ရာ လွဲချော်ခဲ့ရပါတယ်။

ဒန်နီလိုရဲ့ ညာခြမ်းက ဖြတ်တင်ပေးပို့မှုဟာ ရော်နယ်ဒိုရဲ့ ခေါင်းပေါ်ကွက်တိရောက်ခဲ့ပါတယ်။ ပြိုင်ဘက်တွေထက်ခေါင်းနှစ်လုံးမြင့်အောင် ခုနိနိုင်စွမ်းရှိတဲ့ ရော်နာ်ဒိုအတွက် ထမင်းစားရေသောက်တာထက်တောင် ပိုလွယ်တဲ့အနေအထားနဲ့ ခေါင်းတိုက်သွင်းယူခွင့်ရခဲ့ပေမယ့် ထိချက်မမှန်ခဲ့တာကြောင့် ဂိုးမရခဲ့ပါဘူး။ ရော်နယ်ဒိုကိုယ်တိုင်လည်း ဒီအတွက် တော်တော်လေးစိတ်ပျက်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး ကြည့်ရှုခဲ့ရတဲ့ ပရိသတ်တွေဟာလည်း ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတယ်လို့ besoccer က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ချီယေဆာရဲ့ ဖြတ်တင်ဘောကိုတော့ ရော်နယ်ဒိုက ဧရိယာအတွင်း ညာခြေနဲ့အပြင်းကန်သွင်းယူကာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အံ့အားသင့်ဖွယ်လွဲချော်မှုကို ပြန်လည်အဖတ်ဆယ်နိုင်ခဲ့တာဖြစ်ပြီး ပေါ်တူဂီသားအတွက် ဖာထေးနိုင်ခဲ့ပါတယ်။ ဒီလိုလွဲချော်ခဲ့မှုကြောင့် ရော်နယ်ဒိုဟာလည်း လူသားတဦးသာဖြစ်ပြီး လူသားဆန်တဲ့အမှားတွေ ကျူးလွန်မှုတွေရှိနေတယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။

ကမ္ဘာကျော်ကစားသမားအဖြစ် ဆယ်စုနှစ်တခုကျော်ကြာ ရပ်တည်နေခဲ့တဲ့ ရော်နယ်ဒိုကို အခြားသောကမ္ဘာတစ်ခုက ရောက်လာသူလို့ တင်စားမှုတွေ ရှိနေခဲ့ပါတယ်။ သူ့ရဲ့ပရိသတ်တွေကလည်း အလွန်အမင်းချီးမြှောက်မှုတွေ၊ပြောဆိုမှုတွေပြုလုပ်ခဲ့ကြကာ ရော်နယ်ဒိုရဲ့ ခြေစွမ်းကို အမွှမ်းတင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူဟာ လူသားတစ်ဦးသာဖြစ်တယ်ဆိုတာကို အံ့အားသင့်ဖွယ်လွဲချော်မှုနဲ့အတူ ရော်နယ်ဒိုက ပြသသွားခဲ့ပါတယ်။