နောက်ဆုံး ၁၂ ရာသီမှာ ၁၁ ရာသီထိ လိဂ်ဂိုး၂၅ဂိုးနဲ့အထက်သွင်းနိုင်ခဲ့တဲ့ ရော်နယ်ဒို

ဂျူဗင်တပ်စ်က နာပိုလီကို အိန်ကွင်းမှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂျူဗီအတွက် ရော်နယ်ဒို နဲ့ ဒီဘာလာတို့က တစ်ဂိုးစီသွင်းယူပေးခဲ့ကြပါတယ်။ နာပိုလီအတွက် အင်ဆစ်ဂ်နီက ချေပဂိုးသွင်းပေးခဲ့ပေမယ့် ပွဲချိန်နှောင်းခဲ့ပြီဖြစ်လို့ ဂျူဗီတို့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို မျှေ်မှန်ူနိုင်ဆဲဖြစ်ပါတယ်။ ဒီပွဲမှာ တစ်ဂိုးသွင်းယူအပြီး ရော်နယ်ဒိုရဲ့ ဒီရာသီစီးရီးအေသွင်းဂိုးကလည်း ၂၅ ဂိုးအထိ ရှိလာခဲ့ကာ ရွှေဖိနပ်ဆုအတွက် လူကာကူကို ဖိအားပေးနေဆဲဖြစ်ပါတယ်။

ရော်နယ်ဒိုအနေနဲ့ အခုလိုမျိုး ၂၅ ဂိုးအထိ ရရှိခဲ့တာဟာ သူ့ရဲ့ ထိပ်တန်းလိဂ်ကျင်လည်ခဲ့တဲ့ ကစားသမားဘဝနောက်ဆုံး ၁၂ နှစ်မှာ ၁၁ နှစ်အထိ အနည်းဆုံးလိဂ်ဂိုး ၂၅ ဂိုး ရရှိမှု ဖြစ်လာခဲ့ပါတယ်။ ရီးရဲလ်ကစားသမားဘဝမှာလည်း ရော်နယ်ဒိုဟာ တရာသီကို သွင်းဂိုး ၂၅ ဂိုးနဲ့အထက် ၉နှစ်ဆက်တိုက်သွင်းယူနိုင်ခဲ့သလို ဂျူဗီကစားသမားဘဝ ၃ ရာသီမှာလည်း ၂ ရာသီက ၂၅ ဂိုးနဲ့အထက် ရရှိခဲ့ပြီး ကျန်တစ်ရာသီမှာတော့ ၂၁ ဂိုးအထိ ရရှိထားခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ ၁၈ နှစ်ဆက်တိုက် ဆုဖလားကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပြီး အသက် ၃၆ နှစ်အရွယ်ထိ ထိပ်တန်းအဆင့်မှာ ကစားပြနေဆဲဖြစ်ပါတယ်။ ကြံ့ခိုင်မှုပိုင်းကိုလည်း အကောင်းဆုံးဖြစ်နေအောင် ထိန်းသိမ်းထားနိုင်သလိုခြေစွမ်းကလည်း အနာ်းငယ်သာ ကျဆင်းခဲ့တာဖြစ်လို့ လက်ရှိအချိန် ပြိုင်ဘက်ခံစစ်မှူးတွေအတွက် အန္တရာယ်ကြီးမားနေဆဲ ကစားသမားလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ ဂျူဗီမှာလည်း ၃ ရာသီဆက်တိုက် အသင်းရဲ့ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေပြီလည်းဖြစ်ပါတယ်။

စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိထားတဲ့ ရော်နယ်ဒိုဟာ ရာသီကုန်မှာ ဂျူဗီက ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေပေမယ့် အခုချိန်ထိတော့ တိကျတဲ့သတင်းမျိုးမရှိသေးပါဘူး။ အသက်အရွယ်ရလာပြီဖြစ်ပေမယ့် သူ့ကို ပီအက်စ်ဂျီလို ထိပ်တန်းအသင်းက ခေါ်ယူချင်နေဆဲဖြစ်ကာ လစာမြင့်မားစွာပေးချေဖို့လည်း အသင့်ရှိနေဆဲဖြစ်ပါတယ်။ ဂျူဗီကတော့ ကစားသမားရဲ့ လုပ်ခလစာကြီးမြင့်မှုကြောင့် ဘဏ္ဍာရေးအခက်အခဲကြုံနေချိန်မှာ ပြန်ရောင်းထုတ်ဖွယ်ရှိနေပြီး ပေါင်သန်း ၃၀ နဲ့အထက်ရရှိမယ်ဆိုရင် လက်လွှတ်ခံဖွယ်ရာရှိတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြနေကြပါတယ်။