မက်ဆီနဲ့ရင်ဆိုင်ဖို့အတွက် အတားအဆီးကြီး ၂ ခုကို ကျော်ဖြတ်ရမယ့် ရော်နယ်ဒို

ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်တီယာနိုရော်နယ်ဒိုဟာ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ယနေ့ပြုလုပ်မယ့် ဆေးစစ်မှုမှာ စမ်းသပ်စစ်ဆေးခံသွားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့အတွက် ကိုဗစ်-၁၉ ကင်းစင်ကြောင်း တွေ့ရှိဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်အပြီးမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခြင်းခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး လာမယ့် အောက်တိုလာ ၂၈ ရက်နေ့ညမှာ ဘာစီလိုနာအသင်းနဲ့ ကစားရမယ့် ဂျူဗင်တပ်ရဲ့ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကို ပါဝင်ကစားပေးဖို့ မရေမရာဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းဟာ အရေးကြီးတဲ့ ပြည်တွင်းနဲ့ ဥရောပပွဲစဉ်တွေအများကြီး ကစားရဖို့ရှိနေတာကြောင့် အနှေးနဲ့အမြန် ရော်နယ်ဒို အမြန်ဆုံးပြန်လည်သက်သာလာဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ရော်နယ်ဒိုအနေနဲ့ ဘာစီလိုနာအသင်းနဲ့ပွဲစဉ်ကို ပါဝင်ကစားပေးနိုင်ဖို့ဆိုရင် အခြေအနေ ၂ ခုရှိနေပြီး ပထမဆုံးအခြေအနေကတော့ ယနေ့မှာ ပြုလုပ်မယ့် ကိုဗစ်-၁၉ စစ်ဆေးမှုမှာ ရောဂါပိုးကင်းစင်ကြောင်း စစ်ဆေးတွေ့ရှိဖို့ လိုအပ်နေတာဖြစ်ပြီး ဒုတိယအခြေအနေကတော့ ပွဲမကစားခင် တစ်ရက်အလို ထပ်မံစစ်ဆေးမှုမှာ ရောဂါပိုးကင်းစင်နေဖို့ လိုအပ်တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၁၀ ရက် တစ်ဦးတည်း သီးခြားနေထိုင်နေရတာဖြစ်ပြီး အောက်တိုဘာလ ၂၃ ရက်နေ့မှာ သတ်မှတ်ကွာရန်တင်းကာလပြည့်မြောက်တော့မှာဖြစ်သလို ယခုသီးခြားနေထိုင်နေစဉ်အတွင်းမှာ အခြေအနေကို သိနိုင်ဖို့ စမ်းသပ်မှုခံယူသွားမှာဖြစ်ပါတယ်။

အခါအားလျော်စွာ ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်ဆိုတဲ့ Positive အဖြေဟာ မှားယွင်းတဲ့ရလဒ်ဖြစ်နေခဲ့မယ်ဆိုရင်၊ အများအားဖြင့် ဆက်တိုက်စမ်းသပ်စစ်ဆေးမှုတွေမှာ Negative ရလဒ်ထွက်ပေါ်ခဲ့မယ်ဆိုရင် ပြည်သူကျန်းမာရေးအာဏာပိုင်တွေက စောလျင်စွာ ပြန်လည်ပါဝင်ကစားခွင့်ပြုကောင်း ပြုသွားနိုင်တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုအနေနဲ့ ယနေ့ စမ်းသပ်မှုနဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ စမ်းသပ်မှု ၂ ခုစလုံးမှာ Negative ဖြစ်ခဲ့ရင်တောင် နောက်ဆုံးမှာ ဥရောပဘောလုံးအဖွဲ့ချုပ်နဲ့ အီတလီအာဏာပိုင်တွေရဲ့ အဆုံးအဖြတ်သာ အတည်ဖြစ်လိမ့်မယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *