ဂရင်းဝုဒ်ကြောင့် အသားတွေတောင်တဆတ်ဆတ်တုန်တဲ့အထိ ဒေါသဖြစ်ခဲ့ရတဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ လူငယ်ကြယ်ပွင့်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ရဲ့ အကျင့်စရိုက်ကြောင့် ဒေါသအကြီးအကျယ်ထွက်ခဲ့ရတယ်လို့ Daily Star က ဖော်ပြခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ဆုံးပွဲစဉ် ၂ ပွဲရဲ့ လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရသူဖြစ်ပြီး ဆိုးလ်ရှားက ကြယ်ပွင့်တိုက်စစ်မှူးဟာ မောပန်းနွမ်းနယ်နေတာကြောင့်လို့ ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လညး် ဂရင်းဝုဒ်ဟာ ပီအက်စ်ဂျီအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မတိုင်မီ လေ့ကျင့်ရေးပြုလုပ်ခဲ့တာကို မြင်တွေ့ခဲ့ရတဲ့အတွက် ဆိုးလ်ရှားပြောသလိုတော့ မဟုတ်လောက်ဘူးလို့ ယုံကြည်ရပါတယ်။

The Sun ရဲ့သတင်းအရ ဆိုးလ်ရှားဟာ လေ့ကျင့်ရေးကို အချိန်မီလာရောက်ဖို့ ၂ ကြိမ်အထိ နောက်ကျခဲ့တဲ့ ဂရင်းဝုဒ်ကို ဒေါသပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့လက အင်္ဂလန်လူစာရင်းကနေ ဂရင်းဝုဒ် ထုတ်ပယ်ခံခဲ့ရတဲ့အချိန်တုန်းကလည်း ၎င်းရဲ့လူငယ်ကြယ်ပွင့်ရဲ့အပြုအမူနဲ့ပတ်သက်ပြီး သတိပေးထားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဂရင်းဝုဒ်နဲ့ ဖီးလ်ဖိုဒန်တို့ဟာ မော်ဒယ် ၂ ဦးကို အသင်းဟိုတယ်ထဲ ခိုးသွင်းခဲ့ပြီးနောက် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပြီး နည်းပြဆိုးလ်ရှားဟာ အသင်းရဲ့စွမ်းဆောင်ရည်ကျဆင်းနေချိန်မှာတောင် အချိုးပြေမလာတဲ့ ဂရင်းဝုဒ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး မကျေနပ်မှုတွေ ကြီးထွားလာနေတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ နယူးကာဆယ်၊ ပီအက်စ်ဂျီအသင်းတို့နဲ့ပွဲစဉ်ကို လွဲချော်ခဲ့တာဖြစ်ပြီး ဆိုးလ်ရှားကတော့ ဆေးပညာပိုင်းဆိုင်ရာကိစ္စတွေကို မကြေညာနိုင်ကြောင်း ပြောဆိုထားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *