စီးရီးအေမှာ မိုဗစ်လောက် ရော်နယ်ဒိုက မလွှမ်းမိုးနိုင်ဘူးလို့ပြောခဲ့တဲ့ ဂျူဗီနည်းပြဟောင်း

ဇလာတန် အီဗရာဟီမိုဗစ်ဟာ ခရစ္စတီယာနိုထက် အီတလီဘောလုံးလောကမှာ ပိုပြီး ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိခဲ့တယ်လို့ အေစီမီလန်နဲ့ ဂျူဗင်တပ် နည်းပြဟောင်းအယ်ဘာတိုဇက်ချီရိုနီက ပြောကြားခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အေစီမီလန်ကို ပြန်လည်ပြောင်းရွှေ့လာပြီးကတည်းက အသင်းအတွက်အများကြီး အကျိုးပြုပေးခဲ့ပြီး ပွဲ ၂၀ မှာ ၁၁ ဂိုးသွင်းယူပေးခဲ့တာပါ။ မိုဗစ်ဟာ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရပြီးနောက် ၁လနီးပါး နားခဲ့ရပေမယ့် ဒီရာသီမှာလဲ အလားတူ အထင်ကြီးစရာခြေစွမ်းပြသထားခဲ့ပြီးအင်တာနဲ့ဒါဘီပွဲက ၂ ဂိုးအပါအဝင် ၂ ပွဲကစား ၄ ဂိုး သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

သူ့ခေတ်မှာအကောင်းဆုံး တိုက်စစ်မှူးတစ်ယောက်ဖြစ်ခဲ့တဲ့ မိုဗစ်ဟာ ကစားသမားဘဝ အစောပိုင်းမှာ မီလန်နဲ့အတူ ၂နှစ်ကြာရှိနေခဲ့ပြီး ၂၀၁၁မှာစီးရီးအေဖလား အောင်မြင်ခဲ့တာပါ။ ရော်နယ်ဒိုကတော့ ၂၀၁၈မှာရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်ထံ ပြောင်းရွှေ့လာပြီးထဲက အကောင်းဆုံးပုံစံတွေ ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး ပြိုင်ပွဲစုံ ၉၁ပွဲမှာ ၆၈ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် စီးရီးအေမှာ ဘယ်သူက ပိုလွှမ်းမိုးမှုရှိခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ ဇက်ချီရိုနီကတော့ သံသယရှိနေခြင်းမရှိဘဲ အီဘရာဟီမိုဗစ်ကြောင့် အသင်းဖော်တွေဟာ ယုံကြည်မှုမြင့်တက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်ဘဝမှာ တကယ့် ဒိတ်ဒိတ်ကြဲ ချန်ပီယံတွေကို နည်းပြခဲ့ဖူးပါတယ်၊ ဒါပေမယ့် နောင်တရမိတာက အီဗရာဟီမိုဗစ်နဲ့ မကြုံခဲ့ရတာကိုပဲ၊ သူက သိပ်တော်တဲ့သူပါ၊ ဘာလို့ သူ ဘလွန်းဒီအောမရလဲဆိုတာ ကျွန်တော်နားမလည်ဘူး၊အီတလီမှာ ရော်နယ်ဒိုထက်ပိုပြီး သူက ဟန်ချက်ညီအောင် ပြောင်းလဲပေးခဲ့တယ်၊ သူရောက်ပြီးနောက်ပိုင်း လူငယ်ကစားသမားများစွာက ပိုမိုတိုးတက်လာတာ တိုက်ဆိုင်မှုသက်သက် မဟုတ်ပါဘူး၊ သူက ဂိုးသွင်းရုံတင်မဟုတ်ပဲ အသင်းဖော်အားလုံးကို ယုံကြည်မှုရှိစေတယ်၊ ခက်ခဲတဲ့ အခိုက်အတန့်တွေမှာ အသင်းကို တာဝန်ယူပြီး ဦးဆောင်ပေးတယ်”လို့ဇက်ချီရိုနီက ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *