နည်းပြဘဝ လာလီဂါပွဲပေါင်း ၁၅၀ မြောက်ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဇီဒန်း

ရီးရဲမက်ဒရစ်အသင်းနည်းပြ ဇီဒန်းဟာ စနေနေ့ညမှာ ကစားခဲ့တဲ့ ကာဒစ်ဇ်အသင်းနဲ့ပွဲစဉ်မှာ အိမ်ကွင်းဘာနေဗျူးမှာ အံ့အားသင့်ဖွယ် ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ဇီဒန်းအတွက် ကာဒစ်ဇ်နဲ့ ပွဲစဉ်က ရီးရဲနည်းပြဘဝ လာလီဂါပွဲပေါင်း ၁၅၀ ပြည့်မြောက်ခဲ့တာဖြစ်ပေမယ့် ရှုံးနိမ့်ခဲ့တဲ့အတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဇီဒန်းဟာ ရီးရဲမက်ဒရစ်အသင်းသမိုင်းတစ်လျှောက် တတိယမြောက် လာလီဂါပွဲစဉ်အများဆုံး ကိုင်တွယ်ခွင့်ရတဲ့ နည်းပြတစ်ဦးဖြစ်လာခဲ့ပြီး ၎င်းရဲ့အထက်မှာတော့ မူနို့ဇ်(၄၂၄) ပွဲ နဲ့ ဒယ်လ်ဘော့စကီ (၁၅၃) ပွဲ တို့သာ ရီးရဲမက်ဒရစ်နည်းပြဘဝ လာလီဂါပွဲအများဆုံးကိုင်တွယ်ခွင့်ရသူတွေအဖြစ် ရပ်တည်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်ဂန္တဝင်ကွင်းလယ်ကစားသမားဇီဒန်းဟာ နည်းပြဘဝကို ၂၀၁၆ မှာ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ စတင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက ရီးရဲမက်ဒရစ်ကို လာလီဂါဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဇီဒန်းအနေနဲ့ လက်ရှိမှာ လာလီဂါ ပွဲပေါင်း ၁၀၂ ပွဲအနိုင်ရရှိထားခဲ့ပြီးပြီဖြစ်ပြီး ၎င်းရဲ့အထက်မှာတော့ နည်းပြ မူနို့ဇ်တစ်ဦးတည်းသာ လာလီဂါ နိုင်ပွဲ (၂၅၇) ပွဲနဲ့ ရီးရဲမက်ဒရစ်နည်းပြဘဝ နိုင်ပွဲအများဆုံးရယူနိုင်သူအဖြစ် ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နည်းပြဇီဒန်းဟာ ရီးရဲမက်ဒရစ်အသင်းကို ကိုင်တွယ်ခဲ့တဲ့အချိန်အတွင်းမှာ ချန်ပီယံလိဂ်ဖလား ၃လုံး၊ လာလီဂါဖလား ၂လုံးနဲ့ အခြားဆုဖလားများစွာကို ရရှိအောင် ကူညီပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *