မက်တီအိုကို ခွေးမသားလေးလို့ မက်ဆီ ဘာကြောင့် ခေါ်ရတာလဲ

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး မက်ဆီရဲ့သားအလတ်ကောင်ဖြစ်တဲ့ မက်တီအိုမက်ဆီဟာ တော်တော်ထိန်းသိမ်းရခက်တဲ့ကလေးတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ မက်ဆီကိုယ်တိုင်က ခွေးမသားလေးလို့ ထောပနာပြုခြင်းခံထားရသူဖြစ်ပါတယ်။

အသက် ၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်တီအိုမက်ဆီဟာ အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ်မက်ဆီရဲ့ သားဖြစ်တာကြောင့်သာ နာမည်ကျော်ခြင်းမဟုတ်ဘဲ တစ်ချိန်လုံး နောက်ပြောင်နေတတ်သူဖြစ်တာကြောင့်လည်း နာမည်ကျော်နေတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ မက်ဆီက မက်တီအိုဟာ ၎င်းရဲ့အစ်ကိုတွေနဲ့ တော်တော်လေးကွဲပြားခြားနားသူဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

“သီယေဂိုက ထူးခြားတဲ့ကလေးပါ။ တကယ်ကို ကောင်းပါတယ်။ တခြားကောင်ကတော့ လုံးဝကို ဆန့်ကျင်ဘက်ပဲ။ ခွေးမသားလေး။ မက်တီအိုက တော်တော်ဆိုးတဲ့ကောင်ဗျ”လို့ ပြောကြားခဲ့တာပါ။ ဖခင်ဖြစ်တဲ့ မက်ဆီက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်ဖြစ်ပေမယ့်လည်း မက်တီအိုက ဘာစီလိုနာအသင်းကလွဲပြီး ပြိုင်ဘက်အသင်းတွေကိုသာ အားပေးပြီး ဖခင်ဖြစ်သူကို အမြဲတမ်းနောက်ပြောင်နေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့ ရီးရဲဘက်တစ်အသင်းတို့ကစားခဲ့တဲ့ပွဲစဉ်မှာ ရီးရဲဘက်တစ်အသင်းက ဘာစီလိုနာအသင်းဘက်ကို ဂိုးသွင်းယူခဲ့တဲ့အချိန်မှာ မက်တီအိုက အောင်ပွဲထခံခဲ့တာကြောင့် မက်ဆီနဲ့ ဘေးမှာထိုင်နေတဲ့ ဆွာရက်ဇ်ပါ အံ့အားသင့်ပြီး ရယ်မောခဲ့ရတဲ့ဗီဒီယိုဖိုင်ကို အားလုံးမြင်တွေ့ဖူးမယ်ထင်ပါတယ်။ လီယွန်နယ်မက်ဆီရဲ့ ပြောကြားချက်အရ သားဖြစ်သူ မက်တီအို ဒီလိုလုပ်တာဟာ အထူးအဆန်းမဟုတ်တော့ဘူးလို့ သိရပါတယ်။

“ကျွန်တော့်ကလေးတွေနဲ့ ကျွန်တော် အိမ်မှာ ဘောလုံးကစားခဲ့ကြပြီး မက်တီအိုက သူက လီဗာပူးလုပ်မယ်လို့ ကျွန်တော့်ကို ပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ လီဗာပူးက ကျွန်တော်တို့ကို ချန်ပီယံလိဂ်မှာ အနိုင်ယူသွားလို့တဲ့။ ဗလင်စီယာလုပ်မယ်ဆိုတာလည်း အဲဒီအတိုင်းပဲ”

“အိမ်မှာ အားလုံးဘောလုံးပွဲအတူတူ ထိုင်ကြည့်နေရင် မက်တီအိုက ရီးရဲမက်ဒရစ်ဂိုးသွင်းရင် သူ့အစ်ကိုတွေ စိတ်ဆိုးအောင်ကို တမင်အောင်ပွဲခံပြပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။ မက်တီအိုဟာ အသက်နည်းနည်းကြီးလာပြီဖြစ်တဲ့အတွက် အဖေဖြစ်သူကို စတင်ပြီး အားပေးနှစ်သိမ့်တာတွေလုပ်တတ်လာပြီလို့လည်း မက်ဆီက ဝန်ခံပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ရှုံးနိမ့်တဲ့အချိန်မှာ ကျွန်တော်နဲ့ အသင်းအတွက် ဘယ်လောက်ခံစားရလဲဆိုတာကို သူ စပြီး နားလည်လာပါပြီ။ သီယေဂိုရော မက်တီအိုရောက အခုဆိုရင် ဘာစီလိုနာပရိသတ်တွေဖြစ်နေကြပါပြီ။ ဘယ်ဟာကိုမှ ရှုံးနိမ့်တာကို မနှစ်သက်တော့ပါဘူး။ သူတို့တွေက သူတို့အသင်းရှုံးနိမ့်တဲ့အချိန်မှာ အရမ်းပြိုင်ဆိုင်လိုစိတ်ပြင်းထန်ကြပါတယ်။ သူတို့တွေလည်း ခံစားရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီရဲ့ သားတွေဟာ ပြီးခဲ့တဲ့လက အသင်းကို ပြောင်းရွှေ့ခွင့်တောင်းဆိုခဲ့တဲ့ ဖခင်ဖြစ်သူကို ဘာစီလိုနာအသင်းမှာ ဆက်နေဖို့တောင် တောင်းပန်တဲ့အထိ ဘာစီလိုနာအသင်းကို ချစ်မြတ်နိုးကြသူတွေဖြစ်ပါတယ်။ မက်ဆီဟာ မိသားစုက ဘာစီလိုနာကနေ ထွက်ခွာတော့မယ်လို့ ပြောတဲ့အချိန်မှာ ဝမ်းနည်းစွာနဲ့ ငိုကြွေးခဲ့ကြတာကြောင့် အဖက်ဖက်က ပြန်စဉ်းစားပြီး နူးကမ့်မှာ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *